Border News Agency
ကျောက်ဖြူ၊ အောက်တိုဘာ ၁၁။
ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင်ရေတပ်က လက်နက်ကြီးပစ်ခတ်လို့ အမျိုးသားတဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ ငအုပ်ကျေးရွာကို အောက်တိုဘာလ ၁၀ ရက်နေ့ညက စစ်ကော်မရှင်ရေတပ်ကရွယ်ရည်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ဆို
ကြပါတယ်။
အဲဒီလိုပစ်ခတ်တာကြောင့် အသက်ရှစ်ဆယ်ခြောက်နှစ်အရွယ် ဦးအောင်ဇံမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ ငအုပ်ရွာနဲ့ ဝမျှောင်ရွာကြားပင်လယ်ပြင်ရှိ စစ်ကော်မရှင်ရေတပ်စစ်သင်္ဘောဟာ မနေ့ညနေ ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က ရွယ်ရည်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်ခဲ့တာမို့ ကျရောက်ပေါက်ကွဲပြီး ဦးအောင်ဇံရင်ဝမှာ ဒဏ်ရာရသွားသလို နေအိမ်လည်းပျက်စီးသွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီဦးအောင်ဇံမှာ ဒဏ်ရာပြင်းထန်တာမို့ အရေးပေါ်ဆေးကုသမှုခံယူနေတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာဟောင်းကို ပြီးခဲ့တဲ့ဩဂုတ်လ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီရေတပ်က လက်ကြီးပစ်ခတ်လို့ အသက်လေးဆယ်အရွယ် ဦးခင်မောင်ချစ်သေဆုံးသွားခဲ့ပါတယ်။
ကျောက်ဖြူမြို့နယ်အပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်မြို့တွေကို စစ်ကော်မရှင်ရေတပ်စစ်သင်္ဘောတွေက လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေက ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့အရပ်သားပြည်သူတွေ နေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်နေတယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ် ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိကြဖို့ အာရက္ခတပ်တော် အသိပေးထားပါတယ်။






