Border News Agency
အမေရိကန်၊မေ ၂၅။
အမေရိကန်နဲ့အီရန်နိုင်ငံတို့အကြား ငြိမ်းချမ်းရေးဆိုင်ရာနားလည်မှုစာချွန်လွှာ (MoU) တခုကို အဓိကအားဖြင့်ညှိနှိုင်းဆွေးနွေးပြီးဖြစ်သလို ကမ္ဘာ့ရေနံကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြား လည်း မကြာမီ ပြန်ပွင့်လာနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
အဲဒီစစ်ပွဲဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက အမေရိကန်နဲ့အစ္စရေးတို့ စတင်တိုက်ခိုက်ခဲ့ချိန်ကတည်းက ရေလက်ကြား ပိတ်ဆို့ခံထားရတာ ဖြစ်ပါတယ်။
ကြားဝင်စေ့စပ်ပေးသူဖြစ်တဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှရစ်ဖ်ကလည်း နောက်ထပ်ဆွေးနွေးပွဲတွေကို မကြာမီ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အီရန်အစိုးရပိုင် Fars သတင်းဌာနကတော့ ထရမ့်ရဲ့ပြောကြားချက်တွေဟာ လက်တွေ့နဲ့ ကိုက်ညီမှုမရှိဘဲ မူကြမ်းသဘောတူညီချက်အရ ဟော်မုဇ်ရေလက်ကြားကို အီရန်ကသာ ဆက်လက်ထိန်းချုပ်ထားမှာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း ဝါရှင်တန်နဲ့ ဆက်ဆံရေးပြန်လည်ကောင်းမွန်လာမယ့် အလားအလာရှိပေမဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ သဘောတူညီချက် ရ၊ မရ ဆိုတာကတော့ မသေချာသေးကြောင်း၊ မူဘောင်သဘောတူညီချက် ရရှိပြီးပါက ရက်ပေါင်း ၃၀ မှ ၆၀ အတွင်း အသေးစိတ်ကို ဆက်လက်ညှိနှိုင်းသွားဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
တဖက်မှာလည်း အီရန်သမ္မတက အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာခါမေနီရဲ့ ခွင့်ပြုချက်မပါဘဲ ဘာဆုံးဖြတ်ချက်မှ ချမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
အဲဒီဆွေးနွေးမှုမူဘောင်အရ ရက်ပေါင်း ၃၀ အတွင်း အီရန်အပေါ် ရေတပ်ပိတ်ဆို့ထားမှုတွေကို အပြည့်အဝရုပ်သိမ်းပေးရန်နဲ့ အီရန်ရဲ့ အေးခဲထားတဲ့ ရန်ပုံငွေအချို့ကို ပထမအဆင့်အနေနဲ့ ပြန်လည်ထုတ်ပေးရန် ပါရှိတယ်လို့ အီရန်သတင်းဌာနတွေက ဖော်ပြကြပါတယ်။
တချိန်တည်းမှာပဲ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ လုံခြုံရေးကော်မတီအစည်းအဝေးကို ဒီကနေ့ညနေပိုင်းမှာ ပြုလုပ်ဖို့ ရှိနေပါတယ်။






