Border News Agency
တရုတ်၊ဇွန် ၆။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ပေကျင်းမြို့မှာဇွန်လ ၅ ရက်နေ့က တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံမှာရှိတဲ့တရုတ်နိုင်ငံသားတွေ၊အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက အာမခံ ပြောကြားလိုက်ပါတယ်။
အဲဒီ တွေ့ဆုံမှုအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဘက်က မြန်မာပြည်တွင်းရှိ တရုတ်စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တိကျသေချာစွာဆောင်ရွက်ပေးဖို့ ဖိအားပေးပြောဆိုခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်ဘက်က အခုလို ပြန်လည်အာမခံခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံအကြား တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အဓိကစီမံကိန်းတွေနဲ့ Belt and Roadလုပ်ငန်းတွေကို ဆက်လက်တွန်းအားပေးဖို့အပြင် နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှုရာဇဝတ်မှုတွေကို ပူးပေါင်းနှိမ်နင်းသွားမယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဝန်ကြီးက တရုတ်နိုင်ငံရဲ့ One China Policyကို ပြတ်ပြတ်သားသား ထောက်ခံကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ပြင်ပအင်အားစုတွေ ဝင်ရောက်စွက်ဖက်တာကို ဆန့်ကျင်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
မြန်မာပြည်တွင်းမှာ စစ်ရေးအရ အဘက်ဘက်က အကျပ်ရိုက်နေတဲ့အာဏာသိမ်းစစ်တပ်ဟာ တရုတ်နိုင်ငံရဲ့ ထောက်ခံမှုရရှိဖို့ ကြိုးပမ်းနေပြီး ပြည်တွင်းတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တရုတ်နိုင်ငံဘက်က အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပေးဖို့ မျှော်လင့်ကြောင်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။











