Border News Agency
ထားဝယ်၊ဇွန် ၇။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လိုအပ်တဲ့ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ရုရှားနဲ့ မြန်မာကုမ္ပဏီတွေအကြား ဇွန်လ ၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ထားပါတယ်။
အဲဒီ MoU ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ Inter RAO ကုမ္ပဏီနဲ့ လောင်းလုံစီးပွားဖွံ့ဖြိုးကုမ္ပဏီလိမိတက်မှ တာဝန်ရှိသူတွေက လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး စာချွန်လွှာတွေအပြန်အလှန် လဲလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်
အဲဒီလက်မှတ်ရေးထိုးပွဲကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ကျင်းပတဲ့ (၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် ကာလအတွင်း ပြုလုပ်ခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ခန့်အပ်ထားတဲ့ ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဇွန်လ ၄ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်ရဲ့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscongress Foundation ရဲ့ RC-Investments အဖွဲ့တို့အကြား စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoC)တွေကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။






