Border News Agency
နေပြည်တော်၊ ဇွန် ၇။
တရားမဝင်အာဏာသိမ်းစစ်တပ်ကို ကျောထောက်နောက်ခံပြုပြီး ဘဏ္ဍာငွေရှာဖွေပေးနေတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို အရေးယူဆောင်ရွက်ပေးဖို့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံရှိအလုပ်သမားသမဂ္ဂတွေက လှုပ်ရှားတောင်းဆိုလာကြတယ်လို့ Justice For Myanmar (JFM) က ဇွန်လ ၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ အမြင့်ဆုံးအရေးယူမှုအဆင့်ဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃ အရ အာဏာသိမ်းစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် အခုလို နိုင်ငံတကာအလုပ်သမားသမဂ္ဂတွေကပါ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုအဖြစ် ပူးပေါင်းလုပ်ဆောင်လာကြတာပါ။
ဂျပန်နိုင်ငံလှုပ်ရှားမှုမှာတော့ နိုင်ငံတကာပြည်သူ့ဝန်ဆောင်မှုအဖွဲ့ (PSI) ဂျပန်ကောင်စီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ KDDI Corporation နဲ့ Sumitomo Corporation တို့ထံ တိုက်ရိုက်စာပေးပို့ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ဆင်ဆာဖြတ်တောက်ရေးအတွက် အသုံးပြုနေတဲ့ အဲဒီလုပ်ငန်းတွေကနေ ရုပ်သိမ်းပေးရေးကိစ္စကို ကုမ္ပဏီတွင်းရှိ အလုပ်သမားသမဂ္ဂတွေအနေနဲ့ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွေမှာ တင်ပြဆွေးနွေးပေးဖို့ တိုက်တွန်းထားတာပါ။
အဲဒီအပြင်တောင်ကိုရီးယားနိုင်ငံဘက်မှာလည်း PSI ကိုရီးယားကောင်စီက နိုင်ငံဆင့်ပင်စင်ဝန်ဆောင်မှုအဖွဲ့ (NPS) ထံ စာရေးသားပေးပို့ပြီး POSCO ကုမ္ပဏီကနေ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းဖို့တောင်းဆိုထားပါတယ်။
အဲဒီကုမ္ပဏီဟာ အာဏာသိမ်းစစ်တပ်ပိုင်အဓိကစီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီ (MEHL) နဲ့ ဖက်စပ်လုပ်ကိုင်နေသလို စစ်အုပ်စုရဲ့ အဓိက နိုင်ငံခြားဝင်ငွေရင်းမြစ်ဖြစ်တဲ့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကိုလည်း လုပ်ကိုင်နေတာကြောင့်ဖြစ်ပါတယ်။
ခုလုပ်ဆောင်မှုတွေဟာ အာဏာသိမ်းစစ်တပ်ဆီဘဏ္ဍာငွေနဲ့ စစ်လက်နက်နည်းပညာတွေ ပံ့ပိုးပေးနေတဲ့ အခြားနိုင်ငံတကာကုမ္ပဏီကြီးတွေထံကနေပါ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းဖို့ JFM က ဖော်ထုတ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတခုဖြစ်ပြီး အလုပ်သမားတွေရဲ့ အငြိမ်းစားစုဆောင်းငွေတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေမှာ ငွေကြေးထောက်ပံ့မှု မဖြစ်စေသင့်ဘူးလို့ ထောက်ပြထားပါတယ်။






