Border News Agency
လက်ဘနွန်၊ဇွန် ၈။
လက်ဘနွန်တောင်ပိုင်းကို ဇွန်လ ၆ ရက်နေ့မှာ အစ္စရေးစစ်တပ်က ပစ်ခတ်တိုက်ခိုက်လိုက်လို့ လက်ဘနွန်စစ်တပ်က ဗိုလ်မှူးချုပ်တဦးအပါအဝင် စစ်သား ၃ ဦး ကျဆုံးသွားခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လက်ဘနွန်စစ်တပ်ဘက်က အပြင်းအထန် ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။
အစ္စရေးဘက်ကတော့ သူတို့ရဲ့ စစ်သားတွေရှိတဲ့နေရာကို သံသယဖြစ်စရာကောင်းလောက်အောင် အရှိန်ပြင်းပြင်းနဲ့ ချဉ်းကပ်လာတဲ့ လက်ဘနွန်စစ်ကားကို စိုးရိမ်ပြီး ပစ်ခတ်တားဆီးခဲ့တာဖြစ်တယ်လို့ ရှင်းပြထားပါတယ်။
အဲဒီနေ့က ပစ်ခတ်သံတွေကို ဒေသခံတွေလည်း ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
အခုဖြစ်စဉ်က အစ္စရေးနဲ့ လက်ဘနွန်အစိုးရတိုက်ရိုက်စစ်ပွဲမဟုတ်ဘဲ အစ္စရေးက ဟစ်ဇ်ဘိုလာပြောက်ကျားတွေကို တိုက်ခိုက်ဖို့ လက်ဘနွန်တောင်ပိုင်းကို ဝင်ရောက်လှုပ်ရှားနေရင်းကနေ ဖြစ်ပွားလာတာပါ။
အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်းမှာရှိတဲ့ ဟစ်ဇ်ဘိုလာတွေရဲ့ လက်နက်သိုလှောင်ရုံတွေ၊ကွပ်ကဲရေးစခန်းတွေနဲ့ အခြေခံအဆောက်အအုံ စုစုပေါင်း ပစ်မှတ် ၁၅၀ လောက်ကို ဇွန်လ ၇ ရက်နေ့မှာထပ်မံဖျက်ဆီးခဲ့ပြန်ပါတယ်။
လက်ရှိမှာတော့ ဟစ်ဇ်ဘိုလာတွေကို ပစ်မှတ်ထားတဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးတွေဟာ အရှိန်အဟုန် မြင့်တက်နေဆဲဖြစ်လို့ ဒေသတွင်းမှာ တင်းမာမှုတွေ ပိုများလာနေပါတယ်။








