Border News Agency
စစ်တွေ၊ ဇွန် ၈။
အာဏာသိမ်းစစ်တပ်ရဲ့ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာတာဝန်ကျနေတဲ့ ဗိုလ်ကြီးသန့်ဇင်ထွန်းဟာ အာဏာကိုအလွှဲသုံးစားအသုံးချပြီး ကိုယ်ကျိုးရှာငွေညှစ်နေတယ်လို့ အာဏာသိမ်းစစ်တပ်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။
အဲဒီဗိုလ်ကြီးသန့်ဇင်ထွန်းဟာ ရန်ကုန်မှ စစ်တွေသို့ သယ်ယူလာတဲ့ကုန်ပစ္စည်းအားလုံးကို ပစ္စည်းတန်ဖိုးရဲ့ငါးဆယ်ရာခိုင်နှုန်းထိအတင်းအဓမ္မ တရားမဝင်ခြိမ်းခြောက်တောင်းယူနေတယ်လို့ စစ်တွေမြို့မှ အာဏာသိမ်းစစ်တပ်အသိုင်းအဝိုင်းက ပြောကြပါတယ်။
အဲဒီလိုငါးဆယ်ရာခိုင်နှုန်းမပေးတဲ့ပစ္စည်းတွေကို အတင်းအဓမ္မသိမ်းယူပြီးပြန်လည်ရောင်းစားတာတွေပြုလုပ်နေတာမို့ ဗိုလ်ကြီးသန့်ဇင်ထွန်းကို ဖမ်းဆီးစစ်ဆေးအရေးယူပေးကြဖို့ အာဏာသိမ်းစစ်တပ်ရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေတောင်းဆိုနေကြပါတယ်။
“ရန်ကုန်က စစ်တွေကို ပစ္စည်းတွေသယ်လာကြရင် ဗိုလ်ကြီးသန့်ဇင်ထွန်းသဘောတူခွင့်ပြုမှ ပိုင်ရှင်တွေထုတ်ယူခွင့်ရကြပါတယ်။ သူ့ကိုတရားမဝင်ငွေကြေးအများအပြားပေးနေကြရပါတယ်။သူ့ကိုမပေးရင်၊ သူသဘောမတူရင်ပစ္စည်းတွေကို သိမ်းယူသွားပါတယ်။ ပြီးရင်ပြန်ရောင်းစားပါတယ်။ သူကအာဏာပြကိုယ်ကျိုးရှာလုပ်စားနေတာပါ။သူ့ကိုအထက်လူကြီးတွေ ဖမ်းဆီးအရေးယူပေးကြဖို့တောင်းဆိုပါတယ်။” လို့ စစ်တွေမြို့မှ ပြည်နယ်ရဲအရာရှိတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီဗိုလ်ကြီးသန့်ဇင်ထွန်းဟာ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ လိုင်စင်မဲ့ Light Truck ကားတစီးကို သင်္ဘောနဲ့တင်ဆောင်ယူလာပေမယ့် ဘယ်ဌာနဆိုင်ရာကမှ ပြောဆိုဖမ်းဆီးအရေးယူတာတွေမလုပ်ဝံ့ကြဘူးလို့ စစ်တွေမြို့မှဌာနဆိုင်ရာပေါင်းစုံက ဆိုကြပါတယ်။
အဲဒီလိုင်စင်မဲ့ Light Truck ကားနဲ့စစ်တွေဆိပ်ကမ်းကကုန်ပစ္စည်းတွေကို တင်ဆောင်လုပ်စားနေပြီး တခြားပုဂ္ဂလိကကားတွေကို ကုန်ပစ္စည်းသယ်ယူအသုံးပြုခွင့်မပေးဘူးလို့လည်း စစ်တွေမြို့မှဌာနဆိုင်ရာပေါင်းစုံက ဆိုကြပါတယ်။
အဲဒီအပြင်အခြေခံစားသောက်ကုန်တွေ၊ အခြေခံဆေးဝါးတွေကို ငါးဆယ်ရာခိုင်နှုန်းထိအတင်းအဓမ္မ ခြိမ်းခြောက်ငွေညှစ်နေတာမို့ စစ်တွေမြို့မှာ အခြေခံစားသောက်ကုန်တွေ၊ အခြေခံဆေးဝါးတွေအဆမတန်စျေးတက်နေတာမို့ အရပ်သားပြည်သူတွေဟာ အစိုးရတာဝန်ရှိသူတွေကို ယုံကြည်မှုပျက်ပြားနေကြတယ်လို့ စစ်တွေမြို့မှဌာနဆိုင်ရာပေါင်းစုံက ဆိုကြပါတယ်။
အဲဒါကြောင့်အာဏာကိုအလွှဲသုံးစားပြုလုပ် ကိုယ်ကျိုးရှာငွေညှစ်နေတဲ့ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်ကြီးသန့်ဇင်ထွန်းကို ဖမ်းဆီးစစ်ရေးအရေးယူပြီး ပိုင်ဆိုင်မှုအားလုံးကိုသိမ်းယူသင့်နေပြီလို့ စစ်တွေမြို့မှဌာနဆိုင်ရာပေါင်းစုံက ဆိုကြပါတယ်။
“စစ်တွေကို ရန်ကုန်ကပဲ ကုန်ပစ္စည်းတွေဝင်နေတာပါ။ အဲဒီကုန်ပစ္စည်းအားလုံးအတွက် ဗိုလ်ကြီးသန့်ဇင်ထွန်းကို တရားမဝင်ငွေပေးနေရတော့ကုန်စျေးနှုန်းက အဆမတန်စျေးတက်သွားကြပါတယ်။ အဲဒီအကျိုးဆက်ကို စစ်တွေမြို့မှာနေကြသူအားလုံး ခံနေကြရပါတယ်။ပြည်နယ်အစိုးရလည်း အရေးမယူရဲပါဘူး။ ပြည်နယ်လွှတ်တော်ကလည်း အသံမထွက်ရဲကြပါဘူး။ နိုင်ငံတော်အစိုးရကဖမ်းဆီးအရေးယူပေးဖို့တောင်းဆိုပါတယ်။” လို့ စစ်တွေမြို့ရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီဗိုလ်ကြီးသန့်ဇင်ထွန်းကို ရခိုင်ပြည်နယ်တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့တာဝန်ခံ ဒုဗိုလ်မှူးကြီးကျော်ဟန်အေးက အကာအကွယ်ပေးထားတာမို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း ဖမ်းဆီးအရေးယူတာတွေမလုပ်ရဲကြဘူးလို့ အာဏာသိမ်းစစ်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီရခိုင်ပြည်နယ်တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဟာ ကုန်ပစ္စည်းတွေကို မတရားဖမ်းဆီးပြီး ပြန်ရောင်းစားတာတွေ၊ ဧည့်စာရင်းအကြောင်းပြဖမ်းဆီးငွေညှစ်တာတွေအပြင် စစ်တွေမြို့ပြင်ပကို ကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေ မှောင်ခိုတင်သွင်းရောင်းချတာတွေကို အဓိကဦးဆောင်ကြိုးကိုင်လုပ်နေကြတယ်လို့ အာဏာသိမ်းစစ်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီဗိုလ်ကြီးသန့်ဇင်ထွန်းဟာ မန္တလေးဇာတိဖြစ်ပြီး တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့အရာရှိကြီးတွေကို ငွေကြေးအများအပြားပေးထားကာ တခြားအာဏာအလွှဲသုံးစားလုပ်ငွေညှစ်နေတာတွေလည်း အများကြီးရှိနေသေးတယ်လို့ အာဏာသိမ်းစစ်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။









