Border News Agency
ကျောက်ဖြူ၊ ဇွန် ၈။
ကျောက်ဖြူမြို့နယ်၊ ဘယာ၊ ကုလားတွင်းနဲ့ သစ်ကတိုးရွာတွေကို ဇွန်လ ၆ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။
အဲဒီဘယာရွာကို ဇွန်လ ၆ ရက်၊ ည ၁၀ နာရီခွဲအချိန်ခန့်က အာဏာသိမ်းစစ်တပ် လေကြောင်းမှ ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့်ဘုန်းကြီးကျောင်း ကျောင်းနံရံနဲ့ပြတင်းပေါက်မှန်တွေ ကွဲအက်သွားတယ်လို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီအပြင် ည ၁၁ နာရီ ၄၆ မိနစ်လောက်မှာ ကုလားတွင်းရွာကို ဗုံးသုံးလုံးထပ်ပြီးတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တလုံးပျက်စီးသွားပြီးနွားနဲ့ ဝက်တွေလည်း သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
နောက်ပြီး ဇွန်လ ၇ ရက်၊ နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန်မှာ သစ်ကတိုးရွာကို ဗုံးသုံးလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်နေတဲ့ အသက်ဆယ့်နှစ်နှစ်အရွယ် မစုနေလင်း၊ အသက်ငါးဆယ်အရွယ် ဦးချစ်လွင်နဲ့ အသက်ခြောက်ဆယ်ကိုးနှစ်အရွယ် ဒေါ်သန်းရီတို့ဒဏ်ရာရသွားပြီး ဝက်တကောင်လည်း သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်အတွင်းမှာ အာရက္ခတပ်တော် (AA) နဲ့ အာဏာသိမ်းစစ်တပ်တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အာဏာသိမ်းစစ်တပ်ဘက်က မြို့နဲ့အနီးနားက ကျေးရွာတွေကို လက်နက်ကြီး၊ တိုက်လေယာဥ်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ဆောင်နေတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေပိုလုပ်လာတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်ကို အထူးသတိထားကြဖို့လည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။










