Border News Agency
ဖိလစ်ပိုင်၊ ဇွန် ၈။
ဖိလစ်ပိုင်နိုင်ငံ၊ ဂျင်နရယ်ဆန်းတို့စ်မြို့မှာ ဇွန်လ ၈ ရက်၊ ဒီနေ့မနက် အစောပိုင်းက Magnitude 7.8 အဆင့်ရှိတဲ့ အင်အားပြင်းငလျင်တခု လှုပ်ခတ်သွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
အဲဒီငလျင်ဗဟိုချက်က ဂျင်နရယ်ဆန်းတို့စ်မြို့ရဲ့ အနောက်တောင်ဘက် ၁၃ ကီလိုမီတာအကွာ ပင်လယ်ပြင်မှာဖြစ်ပြီး ဒေသစံတော်ချိန် မနက် ၇ နာရီ ၃၇ မိနစ်အချိန်မှာ လှုပ်ခတ်ခဲ့တာပါ။
ငလျင်ကြောင့် မြို့ပေါ်က SM Mall ကုန်တိုက်၊ တက္ကသိုလ်ကျောင်းဆောင်တွေနဲ့ ရုံးအဆောက်အအုံတချို့ နံရံတွေကွဲပြီး ပြိုကျပျက်စီးတာတွေ ဖြစ်ခဲ့ပါတယ်။
ငလျင်လှုပ်ပြီးနောက် ၁၀ ပေလောက်အထိမြင့်တက်နိုင်တဲ့ ဆူနာမီလှိုင်းတွေ ရိုက်ခတ်လာနိုင်တာကြောင့် ကမ်းခြေနားကပြည်သူတွေကို အရေးပေါ် ကုန်းမြင့်ပိုင်းကိုရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
အဲဒီငလျင်ဒဏ်ကို အိမ်နီးချင်းအင်ဒိုနီးရှားနဲ့ မလေးရှားကမ်းရိုးတန်းဒေသတွေကပါခံစားခဲ့ရပြီး ဆူနာမီလှိုင်းငယ်တွေ ဖြစ်လာနိုင်လို့ သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။
အဲဒီငလျင်ကြောင့် လက်ရှိမှာလူတဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရထားတယ်လို့ သိရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေကတော့ အခုထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အမြန်ဆုံး လုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။





















