Border News Agency
ဖိလစ်ပိုင်၊ ဇွန် ၈။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ မင်ဒါနာအိုကျွန်းအနီးမှာ ဇွန်လ ၈ ရက်၊ ဒီနေ့မနက်ပိုင်းက Magnitude 7.8 အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူ ၈ ဦး သေဆုံးပြီး ၂၀၀ ကျော်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ငလျင်ဗဟိုချက်ဟာ ဆာရန်ဂါနီပြည်နယ် အနောက်ဘက် ၂၄ ကီလိုမီတာအကွာ ပင်လယ်ပြင်မှာဖြစ်ပြီး နှစ်နာရီအကြာမှာပဲ ပြင်းအား ၆.၁ ရှိတဲ့ နောက်ဆက်တွဲငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့ပါသေးတယ်။
အဲဒီငလျင်ကြောင့် ဂျန်နရယ်ဆန်းတိုစ်မြို့မှာရှိတဲ့ ဈေးဝယ်စင်တာနဲ့ စာသင်ကျောင်းဆောင်တချို့ ပြိုကျပျက်စီးခဲ့ရပြီး လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရေးပေါ်လုပ်ဆောင်နေရပါတယ်။
ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ပစိဖိတ်ဆူနာမီသတိပေးစင်တာက ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ပလောင်း၊ ထိုင်ဝမ်နဲ့ ပါပူအာနယူးဂီနီနိုင်ငံတွေရဲ့ ကမ်းရိုးတန်းတွေမှာ ဆူနာမီလှိုင်းတွေ ရိုက်ခတ်လာနိုင်တယ်လို့ သတိပေးထားသလို ဂျပန်နိုင်ငံကလည်း ကမ်းရိုးတန်းဒေသတချို့အတွက် သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ဖိလစ်ပိုင်သမ္မတမားကို့စ်က ငလျင်ဒဏ်သင့်ဒေသတွေမှာ ကျောင်းတွေပိတ်ထားဖို့နဲ့ ကမ်းရိုးတန်းဒေသမှာ နေထိုင်သူတွေကို အမြင့်ပိုင်းဒေသတွေဆီ ချက်ချင်းရွှေ့ပြောင်းကြဖို့ တိုက်တွန်းထားပါတယ်။
အင်ဒိုနီးရှားအစိုးရကလည်း ကမ်းရိုးတန်းပြည်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ညွှန်ကြားထားပါတယ်။










