Border News Agency
ထိုင်း၊ဇွန် ၉။
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့၊ဆာရဖီမြို့နယ်က ဇိမ်ခံအိမ်ရာဝင်းတခုမှာ အွန်လိုင်းငွေလိမ်နေတဲ့ ဂိုဏ်းတခုကို ရဲတပ်ဖွဲ့က ဇွန်လ ၈ ရက်၊မနေ့ကဝင်ရောက်စီးနင်း ဖမ်းဆီးလိုက်ပါတယ်။
အဲဒီအိမ်နှစ်လုံးကို တလ ဘတ် ၇ သောင်း၊ ၁ သိန်းနဲ့ ငှားပြီး လုပ်နေတာဖြစ်လို့ တရုတ် ၁၁ ဦးနဲ့ မြန်မာ ၄ ဦး၊ စုစုပေါင်း ၁၅ ဦးကို ဖမ်းမိခဲ့တာပါ။
အဲဒီလို စီးနင်းချိန်မှာ ရဲတပ်ဖွဲ့က ကွန်ပျူတာ ၁၀ လုံး၊ဖုန်း ၄၅ လုံးကျော်နဲ့ တရုတ်နိုင်ငံသား သောင်းနဲ့ချီရဲ့ အချက်အလက်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီအပြင်ဂိုဏ်းချုပ်ကတော့ တရုတ်နိုင်ငံမှာပဲ ရှိနေပြီးဖမ်းမိသူတွေကိုတော့ တရုတ်ကောင်စစ်ဝန်ရုံးနဲ့ ချိတ်ဆက်ပြီး ကွင်းဆက်တွေ ဆက်ရှာနေတယ်လို့ သိရပါတယ်။
သူတို့ကထိုင်းနဲ့ တရုတ်မှာရှိတဲ့ တရုတ်လူမျိုးတွေကို ပစ်မှတ်ထားပြီး အာမခံလုပ်ငန်းတွေ၊ ငွေလဲတာတွေမှာ ဖုန်းနဲ့ ဆက်သွယ်လိမ်လည်နေတာ ဖြစ်ပါတယ်။
အဖွဲ့ဝင်တွေကို တလ လစာ ဘတ် ၅ သောင်းစီကို ခရစ်ပတိုနဲ့ ပေးချေပြီး စနစ်တကျ လုပ်ဆောင်နေတာကိုလည်း စစ်ဆေးတွေ့ရှိရပါတယ်။
အဲဒီဖမ်းမိတဲ့သူတွေထဲက အိမ်အမှတ် ၁၅၁/၁၄ က တရုတ် ၁၀ ဦးနဲ့ အိမ်အမှတ် ၁၅၁/၇၄ က တရုတ်တဦး၊ မြန်မာ ၄ ဦးကို ဖမ်းဆီးရမိတာပါ။
သူတို့ အခုလို လိမ်လည်နေတာ ၂ လကနေ ၃ လလောက် ရှိနေပြီး အဲဒီဖမ်းမိတဲ့ မြန်မာနဲ့ တရုတ်နိုင်ငံသား အားလုံးကို လိမ်လည်မှု၊ လျှို့ဝှက်ကြံစည်မှုတွေနဲ့ အမှုဖွင့်ပြီး ဆက်လက် စစ်ဆေးနေပါတယ်။












