Border News Agency
နေပြည်တော်၊ ဇွန် ၉။
မြန်မာ့အရေးကိုဖြေရှင်းတဲ့အခါ အာဆီယံရဲ့ဘုံသဘောတူညီချက် ၅ ရပ်ကိုမူဘောင်အဖြစ် ဆက်ပြီးထားရှိဖို့အရေးကြီးတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဆူဂီယိုနိုက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်ပါတယ်။
ဇွန်လ ၈ ရက်နေ့က ပြုလုပ်တဲ့တွေ့ဆုံပွဲမှာ အင်ဒိုနီးရှားဝန်ကြီးက သမ္မတရဲ့သဝဏ်လွှာကိုပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံမှာအားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ်ဖို့အတွက် အင်ဒိုနီးရှားကဆက်ပြီး ထောက်ခံသွားမှာပါလို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ မြန်မာနိုင်ငံကပဲဦးဆောင်ပြီး မြန်မာပြည်သူတွေ ပိုင်ဆိုင်ရမယ့်အရာဖြစ်သင့်သလို အာဆီယံရဲ့ သဘောတူညီချက် ၅ ရပ်ကိုပဲ လမ်းညွှန်ချက်အဖြစ် ဆက်ထားဖို့အရေးကြီးတယ်လို့လည်း သူက အလေးပေးပြောသွားတာပါ။
ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပိုလုပ်နိုင်ဖို့အတွက်လည်း အင်ဒိုနီးရှားဘက်က ကူညီပေးဖို့ အသင့်ရှိတယ်လို့ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
အဲဒီခရီးစဉ်အတွင်းမှာပဲ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေနဲ့လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ဒေသတွင်းအရေးကိစ္စတွေအပြင် စီးပွားရေးနဲ့ ပညာရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


















