Border News Agency
မြောက်ဦး၊စက်တင်ဘာ ၁၇။
အာရက္ခဒေဒေသရဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေဟာ လက်ရှိမှာတော့အဖြေမရှိတဲ့ပုစ္ဆာလိုဖြစ်နေပါတယ်။
အဲဒီလိုထိခိုက်လွယ်သူတွေ၊သာမန်အောက်ခြေလူတန်းစားတွေလိမ့်ပြီးခံရမယ့်သဘောရှိနေပါတယ်။
အဲဒီလိုအကျပ်အတည်းတွေဟာ အာရက္ခဒေသရဲ့နိုင်ငံရေးအပေါ်မှာလည်း သက်ရောက်မှုကြီးကြီးမားမားရှိနေမှာပါ။
အဲဒီလိုစီးပွားရေးပြိုလဲမှု၊သဘာဝကပ်ဘေးတွေ၊အစုလိုက်အပြုံလိုက်နေရာရွှေ့ပြောင်းရမှုတွေအပါအဝင် လက်ရှိအချိန်ထိတင်းမာပြင်းထန်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အာရက္ခဒေသရဲ့လူသားချင်းစာနာမှုအကျပ်အတည်းဟာ မြန်မာနိုင်ငံထဲမှာအဆိုးဝါးဆုံးနဲ့ အရှုပ်ထွေးဆုံးနေရာတွေထဲကတခုဖြစ်နေတယ်လို့ UNOCHA က ၂၀၂၆ ခုနှစ်၊ဇူလိုင်လ ၂၃ ရက်နေ့က ဆိုပါတ ယ်။
အာရက္ခဒေသအလယ်ပိုင်းနေရာတွေဟာ WFP ရဲ့ ခန့်မှန်းချက်အရ မိမိရဲ့အခြေခံအစားအစာအတွက် မိမိကိုယ်တိုင်မထုတ်နိုင်တော့တဲ့အခြေအနေဟာ ဒေသနေအိမ်ထောင်စုတွေရဲ့တဝက်ကို ကျော်လာနေတယ်လို့ ဆိုပါတယ်။
WFP က ဒေသရဲ့အိမ်ထောင်စုပေါင်း ၅၇ ရာခိုင်နှုန်းခန့်ဟာ အဲဒီလိုအခက်အခဲတွေကိုရင်ဆိုင်နေရပြီး အဲဒါဟာ ၂၀၂၄ ခုနှစ်က ၃၃ ရာခိုင်နှုန်းထက် ပိုများလာတယ်လို့ဆိုပါတယ်။
အဲဒီလိုကြေကွဲစရာကောင်းတာက တချို့အိမ်ထောင်စုတွေမှာ ကလေးငယ်တွေစားဖို့အတွက် လူကြီးတွေကအငတ်ခံနေရတာတွေရှိနေတယ်လို့ EU က ထုတ်ပြန်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေနဲ့မတည်ငြိမ်မှုတွေဆက်ရှိနေတာကြောင့် လယ်ယာလုပ်ငန်းခွင်ကိုမဝင်နိုင်ကြဘူးလို့ဆိုပါတယ်။
ဒေသရဲ့ထုတ်ကုန်တွေကို ရောင်းချရမယ့်ဈေးကွက်လည်း ပျောက်ဆုံးနေခဲ့ရသလို ကုန်ဈေးနှုန်းတွေလည်းကြီမြင့်နေပြီး ဝင်ငွေရရှိမှုဟာပိုပြီးအကန့်အသတ်ရှိလာပါတယ်။
ရခိုင်မြောက်ပိုင်းကို အကူအညီတွေရောက်ရှိဖို့ကိစ္စကလည်း အင်မတန်ခက်ခဲနေသလို လက်ရှိအကျပ်အတည်းတွေဟာလည်း အဓိကအဟန့်အတားတွေဖြစ်နေပါတယ်။
အစားအစာအတွက်လူတွေဟာ မရှိ၊ရှိတာကိုရောင်းချတာ၊ချေးငှားအကြွေးယူတာမျိုးတွေနဲ့ဖြေရှင်းနေရတယ်လို့ EU ရဲ့ ၂၀၂၆ ခုနှစ်၊မေလ ၂၆ ရက်နေ့ ထုတ်ပြန်ပါတယ်။
နေ့စဉ်ထမင်းစားဖို့ကိစ္စတောင် အခက်အခဲတွေနဲ့ရင်ဆိုင်နေရတာဟာ ဖြစ်ရိုးဖြစ်စဉ်လိုဖြစ်နေတယ်လို့လည်း EU က ဆိုပါတယ်။
”မြန်မာနိုင်ငံရဲ့စားနပ်ရိက္ခာအကျပ်အတည်းအခြေအနေဆိုးလာနေပါတယ်။ ဒါဟာ မကြာသေးတဲ့ကာလအတွင်း အဆိုးဆုံးစားနပ်ရိက္ခာအကျပ်အတည်းများထဲကတခုပါ”၊ “ဒီအကျပ်အတည်းက လူအများအပြားရဲ့မျက်စိရှေ့မှာတင်ဖြစ်ပျက်နေပေမယ့် ကမ္ဘာကြီးကတော့သတိမထားမိပါဘူး။မြန်မာနိုင်ငံက သူတွေကတော့ ဒါအတွက်ပေးဆပ်နေကြရပါတယ်။လူအများအပြားဟာအသက်ရှင်ရပ်တည်စရာနည်းလမ်းလုံး ဝမရှိသလောက်ဖြစ်နေရတယ်။”လို့ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂ(EU)လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအရာရှိဗာရွန်နီကာ ကောလင်စ်(Veronica Collins)က ဆိုပါတယ်။
အဲဒီထိခိုက်လွယ်တဲ့အုပ်စုတွေအပေါ် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ကုလအဖွဲ့အစည်းတွေ သွားရောက်အကူအညီပေးနိုင်ဖို့က လက်ရှိအချိန်ထိအကန့်အသတ်တွေ တင်းကြပ်နေတုန်းပါ။
အဲဒီအကူအညီတွေစစ်ဆေးခံနေရပြီး ဆေးဝါးနဲ့အခြေခံလိုအပ်ချက်တွေကို ကုန်းလမ်း၊ရေလမ်းတွေက မပို့ပေးနိုင်ပါဘူး။မြို့နယ်တခုနဲ့တခု ဖြတ်သန်းဖို့ခက်ခဲနေပါတယ်။
အသက်မွေးဝမ်းကျောင်းအလုပ်တွေပြိုလဲကုန်ပြီး စားသောက်ကုန်တွေနဲ့စိုက်ပျိုးရေးသုံးလိုအပ်ချက်ပစ္စည်းတွေဈေးကြီးလာပါတယ်။
အဲဒီလိုအခြေအနေတွေက ဆာလောင်ငတ်မွတ်မှုဒဏ်ကိုဖြစ်စေပြီး အာဟာရလိုအပ်မှုကို အလူးအလဲအဆက်မပြတ်
ခံစားနေရပါတယ်။
အဲဒါဟာ အာရက္ခဒေသထဲကရိုဟင်ဂျာတွေအပါအဝင် ရခိုင်လူမှုအသိုက်အဝန်းတွေရင်ဆိုင်နေရတဲ့ အခြေအနေတွေလို့ EU က ဆိုပါတယ်။
အဲဒါတွေဟာ အာရက္ခဒေသရဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောဆိုနေမှုတွေပါ။
လက်ရှိမြေပြင်အနေအထားအခြေအနေတွေမှာလည်း လူသားချင်းစာနာမှုအကျပ်အတည်းကိုပိုမိုဆိုးဝါးအောင် ဘူးလေးရာဖရုံဆင့်နေတဲ့ဖြစ်စဉ်တွေလည်းဖြစ်နေပါတယ်။
ULA/AA ကိုယ်တိုင်ဖန်တီးလိုက်တဲ့ဖြစ်စဉ်တွေ
အာရက္ခဒေသရဲ့တချို့နေရာတွေမှာ လူမှုဒုက္ခကိုမငဲ့မကွက်ဘဲ မရောင်ရာဆီလူးအမိန့်ပြလိုက်တာတွေကြောင့်လည်း လူထုရဲ့စားဝတ်နေရေးကို ထိခိုက်တဲ့ကိစ္စတွေရှိလာပါတယ်။
ဥပမာ-လမ်းဘေးကွမ်းယာဆိုင်တွေ၊လမ်းဘေးဈေးရောင်းနေသူတွေရဲ့ဘဝကိုထည့်မတွက်ပဲ အမိန့်ပြနေတဲ့ဖြစ်စဉ်မျိုးတွေပါ။လမ်းဘေးမှာ သူ့တဝမ်းတခါးအတွက် ဈေးရောင်းနေသူတွေကို တားဆီးတာတွေဟာ စစ်ရေးစစ်ရာနဲ့လည်းမဆိုင်ပါဘူး။
လက်ရှိစစ်ဖြစ်နေတဲ့အချိန်၊စားဝတ်နေရေးအတွက် အကျပ်အတည်းအကြီးအကျယ်ဆိုင်နေတဲ့အချိန်မှာ အခြေခံမြို့ ပြစီမံကိန်းတွေဆိုတာလည်းတည်ဆောက်လို့ရသေးတဲ့အခြေအနေတွေမဟုတ်ပါဘူး။
လမ်းနဲ့မလွတ်လို့ အိုးအိမ်တွေကို ဖျက်ခိုင်းတာတွေ၊စစ်ဖြစ်နေဆဲမှာပဲ မြေသိမ်းနေတာတွေဟာ လက်ရှိရင်ဆိုင်နေရတဲ့လူမှုဒုက္ခတွေကို မဖြေရှင်းနိုင်ရုံမက လူတွေကို ငရဲခန်းထဲတွန်းပို့နေသလိုဖြစ်နေပါတယ်။
အလုပ်အကိုင်အခွင့်အလန်းတွေကိုမဖန်တီးပေးနိုင်ရင် ရှိပြီးသားအလုပ်အကိုင်လေးတွေကို မထိခိုက်အောင်တော့ထားသင့်ပါတယ်။
လူထုကိုတိုက်အိမ်ပေါ် မတင်နိုင်သေးရင် သူရဲ့ရှိပြီးသားတဲအိမ်ကိုတော့ မဖျက်မိဖို့လိုပါတယ်။
အကျပ်အတည်းဖြစ်နေတဲ့လူထုအတွက် သက်သာချောင်ချိရေးကို မျက်ကွယ်ပြုထားတဲ့အချက်ကလည်း ဆိုးဝါးပါတယ်။
ကုန်သည်တွေဈေးတင်တာကို ခြိမ်းခြောက်တာထက် ကိုယ်တိုင်ကသက်သာတဲ့ဈေးနှုန်းနဲ့ကုန်ပစ္စည်းတွေကို ဖြန့်ချိနိုင်တာက ပိုပြီးအုပ်ချုပ်ရေးမှာ လူကြီးလူကောင်းပိုဆန်ပါတယ်။
ကုန်သွယ်ခွင့်ကို တန်းတူညီမျှအကော င်အထည်မဖော်နိုင်ဘဲ လက်သင့်ရာစား တော်ခေါ်နေသလိုလုပ်နေတဲ့ ကိစ္စတွေကလည်း အဆုံးသတ်မှာ လူထုကိုသာ ထိခိုက်ပါတယ်။
အုပ်ချုပ်ရေးတရပ်ဟာ ကိုယ်တိုင်ကလည်းအားစိုက်ပြီး လူထုကိုဝန်ဆောင်မှုပေးဖို့လိုသလို လူထုဆီကပဲညှစ်ထုတ်နေလို့မရပါဘူး။
လူသားချင်းစာနာမှုအကျပ်အတည်းတွေဟာ အပြီးသတ်နိုင်ဖို့က နိုင်ငံရေးပြဿနာအပေါ်မှာ အခြေခံနေပါတယ်။
လက်ရှိမှာတော့ အတတ်နိုင်ဆုံးကုစားနိုင်တဲ့ဘက်က ကုစားနေဖို့လည်းလိုပါတယ်။
လူသားချင်းစာနာမှုအကျပ်အတည်းတွေဆိုးဝါးလာတာနဲ့အမျှ ဒါဟာလူ့အဖွဲ့အစည်းတခုလုံးရဲ့ရေရှည်မှာ နာလန်ပြန်ထူမယ့်အရေးကိုလာပြီး ထိခိုက်နေမှာလည်းဖြစ်ပါတယ်။
ပြီး
ကိုးကား…
https://www.unocha.org/publications/report/myanmar/myanmar-humanitarian-update-no-52-13-july-2026?hl=en-GB
https://civil-protection-humanitarian-aid.ec.europa.eu/news-stories/stories/brink-deepening-hunger-crisis-myanmar_en?hl=en-GB







