မောင်တူရေးသည်။
Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၃၀။
ဆိုဗီယက်-အာဖဂန်စစ်ပွဲမတိုင်မီ အာဖဂန်၏နိုင်ငံရေးအလှည့်အပြောင်းအချိုးအကွေ့များကို ကြည့်ပါက…
- ၁။ ဘုရင်စနစ်ကို ထောက်ခံသူများအုပ် စု။
- ၂။ လက်ဝဲဝါဒ၊ကွန်မြူနစ်ဝါဒရှိသူများ အုပ်စု။
- ၃။ အစ္စလာမ်ဘာသာရေးအုပ်စုများ။
- ၄။ မျိုးနွယ်စုအုပ်စုများဆိုသည့် နိုင်ငံရေးအထိုင်များကြားမညီညွှတ်နိုင်မှုနှင့် အားပြိုင်မှုအခြေအနေကအမြဲတန်းရိုက်ခတ်နေမည်ကို တွေ့ရမည်ဖြစ်သည်။
ဘုရင်ဇာဟာရ်ရှား(Zahir Shah)၏ ဒီမိုကရေစီအပြောင်းအလဲတွင် နိုင်ငံရေးအထိုင်အုပ်စုများမညီညွှတ်မှု၊ အားပြိုင်မှုများကြောင့် အစိုးရအဖွဲ့သည် လုပ်ရပ်ခရီးမတွင်ပေ။ ဘုရင်ကအပြောင်းအလဲကို စိုးရိမ်မှုဖြင့် အကန့်အသတ်ဘောင်အတွင်းမှ ပြုလုပ်ခဲ့သည်။
ထိုအကန့်အသတ်က အစိုးရအတွက် ပေးထားချက်မူရင်းသတ်မှတ်ချက်ဖြစ်သည်။ မြေပြင်အရှိတရားတွင် နိုင်ငံရေးအထိုင်အုပ်စုများဖြင့် မတည်ငြိမ်မှုကရှိနေသည်။ တဖက်တွင် အာဏာကိုဆုတ်ကိုင်ထားသူအချင်းချင်းထဲတွင် မိမိလုပ်ပိုင်ခွင့်ကို ချဲ့ထွင်လိုသောပုဂ္ဂလိက အမြင်ရှိနေသည်။
ဤအချက်များက ဘုရင်ဇဟာရ်ရှား (Zahir Shah)နှင့် ဝန်ကြီးချုပ်ဒါယုတ်ခန်း(Daoud Khan)ကြားတွင် ပြဿနာကို ဖြစ်စေသည်။
ဝန်ကြီးချုပ်ဒါယုတ်ခန်း( Daoud Khan) နှင့် ပြည်သူ့ဒီမိုကရက်တစ်ပါတီ (People’s Democratic Party of Afghanistan – PDPA)ကြားတွင် ဖြစ်ပွားသော ပြဿနာမှာလည်း ထိုအချက်များကြောင့်ပင် ဖြစ်သည်။
PDPA မှနူရ်မူဟာမက်တရာကီ(Nur Muhammad Taraki)နှင့် ဟာဖစ်ဇူလ်လာအမင်(Hafizullah Amin)ကြားတွင် ဖြစ်ပွားသောပြဿနာမှာလည်း ထိုအချက်များကြောင့်ပင် ဖြစ်သည်။
ဟာဖစ်ဇူလ်လာအမင်၏ ရပ်တည်ချက်နှင့်လုပ်ရပ်သည်လည်းကောင်း၊ ၎င်းအပေါ် ဆိုဗီယက်များ၏ မင်္သကာရသည့် ကိစ္စသည်လည်းကောင်း ဇစ်မြစ်မှာလည်း ထိုအချက်များကြောင့်ပင်ဖြစ်သည်။

ဆိုဗီယက်များက ဘာဘ်ရက်ကာရ်မဲလ် (Babrak Karmal)အား အုပ်ချုပ်သူနေရာကိုပေး၍ အာဖဂန်အားမောင်းနှင်သည့်အချိန်တွင်လည်း ဆိုဗီယက်များရင် ဆိုင်ရသောပြဿနာမှာလည်း ထိုအချက်များသာဖြစ်သည်။
နိုင်ငံရေးအချိုးအကွေ့အရ ဖြစ်ပုံပျက်ပုံသာပြောင်းသွားမည်။ မူရင်းအနှစ်သာရကတော့ မပြောင်းလဲချေ။
ဆိုဗီယက် – အာဖဂန်စစ်ပွဲ(၁၉၇၉-၁၉၈၉)
အာဖဂန်အား ဝင်လာသည့် ဆိုဗီယက်များ၏ရည်ရွယ်ချက်မှာအာဖဂန်တွင် ၎င်းတို့ဩဇာခံအစိုးရတရပ်တည်ဆောက်ခြင်းသာဖြစ်သည်။ ဆိုဗီယက်တပ်များရှိနေချိန်ထိ ထိုရည်ရွယ်ချက်သည် အထမြောက်နေသည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော် ရေရှည်ခံသည့်အထမြောက်ခြင်းမျိုးတော့မဟုတ်ပေ။
၁၉ရာစု ဘာရက်ဇိုင်းမင်းဆက်အမာ အဗ္ဗဒူရာမန်ခန်း( Amir Abdur Rahman Khan)လက်ထက်ကပင် ရှိလာခဲ့သော အာဖဂန်၏အာဏာကိုကိုင်စွဲသူများ၏ လမ်းဟောင်းသံသရာထဲမှ ဆိုဗီယက်တို့လည်း ရုန်းမထွက်နိုင်ခဲ့ချေ။ အာဖဂန်၏မြေပြင် နိုင်ငံရေးအုပ်စုများအား ပြိုင်မှုကြောင့်ပင်လျှင် ဆိုဗီယက်တို့လည်း ဗဟို၌ အားကောင်းသော အစိုးရတရပ်ကို ပုံဖော်တော့သည်။
အာဖဂန်တွင် ဗဟိုချုပ်ကိုင်မှုကြောင့်ပင် ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုသည့်လူမျိုးစုအထိုင်နိုင်ငံရေးက အားကောင်းလာခြင်းဖြစ်သည်။
ထိုလူမျိုးစုအထိုင်နိုင်ငံရေးကိုဖိနှိပ်သောအခါ နိုင်ငံရေးတည်ငြိမ်မှုမဲ့လာတော့သည်။ နိုင်ငံရေးတည်ငြိမ်မှုမဲ့လာသည်နှင့် စီးပွားရေး၊ ပညာရေး၊ လူမှုရေးများကိုပါနှိမ့်ကျစေသည်။
ထိုသို့နှိမ့်ကျသည့်လူ့အဖွဲ့အစည်းအတွင်းဘာသာရေးကိုအခြေခံသည် အမျိုးသားရေးဖြင့် စည်းရုံးရလည်းလွယ်ကူတတ်သည်။
ဤသို့ဖြင့် ဘာသာရေးစံကို အခြေခံသော နိုင်ငံရေးအထိုင်ကလည်း အားကောင်းလာပြန်သည်။
အာဖဂန်၏နိုင်ငံရေးအထိုင် လေးခုသည် တခုနှင့်တခု ဆန့်ကျင်ဘက်အခြေအနေတွင်လည်းရှိနေတတ်သည်။ ဆိုဗီယက်တို့က ဗဟိုအားကောင်းသည့် ကွန်မြူနစ်အစိုးရတရပ်ကို ထူထောင်သောအခါ ကွန်မြူနစ်အမြင်တွင် ဘာသာရေး၊ လူမျိုးရေးကို ပစ်ပါယ်လာသည်။
အာဖဂန်၏နိုင်ငံရေးအထိုင်သည် နဂိုကတည်းကပင် လူမျိုးရေး၊ ဘာသာရေးအထိုင်ဖြစ်နေသည်။
ထိုအခါ ဆန့်ကျင်ဘက် မီးပွားများ စင်ထွက်လာတော့သည်။ ထိုမီးပွားကလည်း PDPA အတွင်းက စတင်လာသည်က အံဩစရာကောင်းလှသည်။
PDPA အတွင်းတွင် ခါလ်ခ်(Khalq)အုပ်စုနှင့် ပါချမ် (Parcham)အုပ်စုဟူ၍နှစ်ဖွဲ့ရှိသည်။ ခါလ်ခ်(Khalq)အုပ်စုက ကျေးလက်ဒေသရှိ ပါက်ရှ်တွန်(Pashtun) လူမျိုးများကို အခြေခံသည်။ ပါချမ် (Parcham)အုပ်စုက မြိုပြ ပညာတတ် လူတန်းစား၊ လူလတ်တန်းစားများဖြစ်သည်။ ပါချမ်(Parcham)အုပ်စုထဲတွင် မြို့ပြနေလူမျိုးစုပညာတတ်များ၊ ပညာတတ် ပါက်ရှ်တွန်(Pashtun)များလည်းပါဝင်သည်။
ထိုအုပ်စုနှစ်ခုကြားတွင် အားပြိူင်မှုကရှိသည်။ ခါလ်ခ်(Khalq)အုပ်စုက ပါချမ် (Parcham)အုပ်စုအား ပညာတတ်လူ တန်းစား၊ လူလတ်တန်းစားအချောင်သမား၊ ဓနရှင်ပေါက်စ၊ ဘူဇွာပေါက်စများ၊ တွေဝေသူများဟုမြင်သည်။
၎င်းတို့ကသာချွေးထွက်သံထွက်တုံးတိုက်ကျားတိုက်လုပ်နေရသည်ဟု မြင်သည်။ ခါလ်ခ်(Khalq)များအတွက် အလုပ်တခုဖြစ်ရန် သီအိုရီတွေ၊ သဘောတရားတွေမလို လက်တွေ့ အလုပ်ဖြစ်အောင်လုပ်လျှင် ရပြီဟုမြင်သည်။ အငုံစိတ်အရလည်း(Khalq)အုပ်စုသည်ကျေးလက်ပါက်ရှ်တွန်(Pashtun)များဖြစ်ရာ ပါချမ်(Parcham)အုပ်စုရှိ လူနည်းစုပညာတတ်များအပေါ်တွင် အမြင်မကြည်မှုကရှိသည်။ နူရ်မူဟာမက်တရာကီ (Nur Muhammad Taraki)နှင့် ဟာဖစ်ဇူလ်လာအမင် (Hafizullah Amin)တို့သည်ခါလ်ခ်(Khalq)အုပ်စုမှဖြစ်သည်။ ဘာဘ်ရတ်ကာရ်မဲလ် (Babrak Karmal)နဲ့ မိုဟာမက့နာဂျစ်ဘူလာ (Mohammad Najibullah)တို့က ပါချမ် (Parcham)အုပ်စုမှဖြစ်သည်။ ပါချမ် (Parcham)အုပ်စုက ပြုပြင်ပြောင်းလဲရေးကို တဖြေးဖြေးနှင့် သွားလိုသည်။
ခါလ်ခ် (Khalq)အုပ်စု ထိုသို့မဟုတ်၊ စိတ်မရှည်ပေ။ အတင်းအကြပ်မြေယာပြုပြင်ပြောင်းလဲရေးနှင့် လူမှုရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ပြင်းပြင်းထန်ထန်ပြုလာသောအခါ အာဖဂန်တွင် လူထု၏ မကြေနပ်မှုက တိုးလာတော့သည်။
ဤတွင် ဆိုဗီယက်တို့က ဝင်လာကာ ဘာဘ်ရက်ကာရ်မဲလ် (Babrak Karmal)တို့ကို နေရာပေးလာခြင်းဖြစ်သည်။
မူဂျာဟစ်ဒင်(Mujahideen)
အာဖဂန်၏လူမျိုးစုအထိုင် နိုင်ငံရေးတွင် လူမျိုးစုအချင်းချင်းလည်း အပြန်အလှန်အားပြိုင်နေကြသည်။ ဖိနှိပ်ခံ အချင်းချင်းကြားတွင် ညီညွှတ်မှုနှင့်ဘုံနိုင်ငံရေးရည်မှန်းချက်လမ်းစဉ်ကိုလည်း မချမှတ်နိုင်ပေ။ ဘာသာရေးအုပ်စုများတွင်တော့ မည်သည့်လူမျိုးဟူ၍မခွဲ၊ ဘာသာတူနေလျှင်ရင် ရပြီဖြစ်ရာ လူမျိုးရေးအထိုင်ထက်ဘာသာရေးအထိုင်သည် ပိုကျယ်ပြန့်သယောင်ဖြစ်နေသည်။ ပိုကျယ်ပြန့်သယောင် ဆိုခြင်းက ပို၍လူများကို လွမ်းခြုံစည်းရုံးနိုင်သည့်သဘောမျိုးရှိနေခြင်းကို ဆိုလိုသည်။
သို့ဖြင့် လွမ်းခြုံနိုင်မည့်သဘောရှိသော မူဂျာဟေဒင်များကို အနောက်အုပ်စုကပို၍ ထောက်ပံ့ခြင်းဖြစ်သည်။
ထိုသို့ထောက်ပံ့မှုကြောင့် မူဂျာဟစ်ဒင်များတွင် လက်နက်ရိက္ခာငွေကြေးက တောင့်တင်းသည်။
တဖက်တွင် ဆိုဗီယက်များကို တိုက်ရန်အင်အားကလိုသည်။ ဆိုဗီယက်တို့၏ ကွန်မြူနစ်ဒဏ်ကို တွန်းလှန်နေကြသော လူမျိုးစုအထိုင်များ၊ အချို့သော ဘာသာရေးအထိုင်များတွင် လက်နက္မလုံလောက်ပေ။
ထိုအခါ မူဂျာဟစ်ဒင်က ယင်းအဖွဲ့များကို စည်းရုံးတော့သည်။ စည်းရုံးပုံက အဖွဲ့အစည်းတခုနှင့်တခုကြား မတူညီမှုကို ခဏဘေးဖယ်ထား။ လောလောဆယ် ဆိုဗီယက်တို့ကို တိုက်ရန်အရေးကြီးသည်။ ဆိုဗီယက်တို့ မရှိသောအခါတွင် ကိုယ့်အချင်းချင်းပြဿနာကို ရှင်းကြမည်။ လောလောဆယ်အလုပ်ဖြစ်မည့်အရာကို အရင်လုပ်ကြမည်ဟူသော သဘောဖြစ်သည်။
ထိုအမြင်ကာ လက်တွေ့တွင် အလုပ်ဖြစ်သင့်သလောက် ဖြစ်ခဲ့သည်။
ဤသို့ဖြင့် အာဖဂန်သပွတ်အူထဲတွင် ဆိုဗီယက်တို့ တိုင်ပတ်မှုစတော့သည်။ ဘာဘ်ရက်ကာရ်မဲလ်(Babrak Karmal) အစိုးရအဖွဲ့က ဆိုဗီယက်တို့အပေါ် လုံး လုံးမှီခိုနေရသည်။
ခါလ်ခ်(Khalq)အုပ်စုကလည်း ပါချမ် (Parcham)တို့ကို မကြေနပ်ဘဲဆန့်ကျင်နေသည်။ PDPA မှာလည်းခါလ်ခ် (Khalq)များကြောင့် လူထုမထောက်ခံတော့ပေ။
နောက်ဆုံးတွင် ဆိုဗီယက်များက ဘာဘ်ရက်ကာရ်မဲလ်(Babrak Karmal)ကို ဖါယ်ရှားကာမိုဟာမက်နာဂျစ်ဘူလာ (Mohammad Najibullah)ကို နေရာပေးတော့သည်။
ပါချမ်(Parcham)အုပ်စုတွင် လူမျိုးစုပညာတတ် အီလိုက်များလည်းပါဝင်သည်။ အာဖဂန်နိုင်ငံရေးတွင် လူမျိုးစုများသည် ညီညွှတ်မှုနှင့်ဘုံနိုင်ငံရေးရည်မှန်းချက် လမ်းစဉ်ကို မချမှတ်နိုင်ဘဲ အချင်းချင်းလည်းအားပြိုင်နေတတ်သည်။ ပါချမ်(Parcham)အုပ်စုတွင်လည်း ထိုနည်းအတိုင်းဖြစ်နေသည်။
ဤသို့ဆိုဗီယက်တို့တိုင်ပတ်ရင်း ဆယ်စုနှစ်တစ်ခုအနေအထားသို့ရောက်လာသောအခါ ဆိုဗီယက်များအာဖဂန်က ဆုတ်ခွာတော့သည်။ ဆိုဗီယက်တို့ ဆုတ်ခွာသည်နှင့် မူဂျာဟေဒင်များလည်း ပို၍ စိတ်ဓာတ်တက်ကြွလာကာ ထိုးစစ်ဆင်တော့သည်။
မိုဟာမက်နာဂျစ်ဘူလာအစိုးရမှာလည်း မြို့ပြဧရိယာအနည်းငယ်သာ ထိန်းချုပ်နိုင်တော့သည်။
ထိုအချိန်တွင် အဓိကစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးအဗ္ဗဒူလ်ရာရှစ်ဒိုစတမ် (Abdul Rashid Dostum)က မူဂျာဟစ်ဒင်များဖြင့်ပူးပေါင်းသွားပြီး မြောက်ပိုင်းလူမျိုးစုတပ်များ ခြံခုန်သွားတော့သည်။ ၁၉၉၂ ခုနှစ်တွင် အာဖဂန်အစိုးရလည်း ပြိုလဲတော့သည်။
မူဂျာဟစ်ဒင်အချင်းချင်းပြန်တိုက်ကြခြင်း
မူဂျာဟစ်ဒင်အဖွဲ့ထဲတွင် လူမျိုးစုအထိုင်များ၊ အချို့သောဘာသာရေးအထိုင်များပါဝင်ကြပြီး ၎င်းတို့တွင် ဘုံနိုင်ငံရေးရည်မှန်းချက်မရကြပေ။ ကာဘူးလ်မြို့အားသိမ်းပိုက်သည့်(၁၉၉၂)ခုနှစ်မှ စတင်ကာ(၁၉၉၆)ခုနှစ်ထိ မူဂျာဟစ်ဒင်အဖွဲ့များအချင်းချင်းပြန်တိုက်တော့သည်။
အမှန်က မူဂျာဟစ်ဒင်အချင်းချင်း ပြန်တိုက်နေမှုက ဆိုဗီယက်တို့ဆုတ်ခွာသည့် ၁၉၈၉ ခုနှစ်ကပင် စတင်နေပြီဖြစ်သည်။
“အဖွဲ့အစည်းတခုနှင့် တခုကြားမတူညီမှုကို ခဏဘေးဖယ်ထား လောလောဆယ်ဆိုဗီယက်တို့ကို တိုက်ရန်အရေးကြီးသည်။ ဆိုဗီယက်တို့ မရှိသောအခါတွင် ကိုယ့်အချင်းချင်းပြဿနာကို ရှင်းကြမည်။ လောလောဆယ်အလုပ်ဖြစ်မည့်အရာကို အရင်လုပ်ကြမည်။” ဆိုသောအလွယ်လမ်းကို မူဂျာဟစ့ဒင်များလိုက်ခဲ့သည်။
ထိုအလွယ်လမ်းက “နိုင်ငံရေးလမ်းစဉ် အာမခံချက် ကတိကဝတ်မပါသော၊ စကားများများမပြောချင်၊ အလုပ်များများလုပ်မည်ဆိုသော အခင်းအကျင်းမျိုးကို ပုံဖော်လာခဲ့သည်။
ထိုပုံဖော်မှုကပင် “မူဂျာဟစ်ဒင်အဖွဲ့ အချင်းချင်းဩဇာချဲ့ထွင်မှု၊ အာဏာပါဝါနှင့် နယ်မြေရလိုမှုနှင့် ကိုယ်စီရည်မှန်းချက်အသီးသီးများကြောင့် သွေးထွက်သံယိုမှုများထပ်ဖြစ်လာတော့သည်။” လူမျိုးစုမတူ၍သတ်ဖြတ်ခြင်းများ၊ အတွေးအခေါ်မတူ၍သတ်ဖြတ်ခြင်းများ၊ ငါတိုက်ထားသည့်နေရာဖြစ်၍ ငါ့နေရာတွင် ငါတို့သာရှိရမည်ဟူ၍နယ်မြေကြောင့် သတ်ဖြတ်ခြင်းများဖြင့် အာဖဂန်သည် မွစာကြဲကုန်တော့သည်။
တာလီဘန်များ ပေါ်လာခြင်း
ထိုကဲ့သို့ သတ်ဖြတ်မှု၊ သွေးချောင်းစီးမှုများကို အာဖဂန်ပြည်သူများလည်း စိတ်ကုန်လာကြသည်။ တည်ငြိမ်မှုကို လိုချင်လာကြသည်။ မူဂျာဟေဒင်ကို ထောက်ပံ့ခဲ့သည့်အနောက်အုပ်စုကလည်းခပ်တည်တည်ဖြင့် အာဖဂန်ဇာတ် ရှုပ်ထဲမှဆုတ်ခွာတော့သည်။
ဤတွင် အာဖဂန်လူထုကြားထဲ နားဝင်ချိုသော အသံတခုပျံလွင့်လာသည်။ ထိုအသံကား“(အစ္စလာမ်ဘာသာရေး ထုံးတမ်းဥပဒေ)ကို အခြေခံပြီး တိုင်းပြည်ကို တည်ငြိမ်အောင်၊ ငြိမ်းချမ်းအောင်လုပ်မည့်အဖွဲ့ပေါ်လာပြီ” ဟူ၍ ဖြစ်သည်။
ထိုအသံကား အာဖဂန်ပြည်သူများအတွက် ကယ်တင်ရှင်၏အသံတော်ပင် ဖြစ်တော့သည်။
ထိုအသဲပဲ့ကိုင်ရှင်မူဂျာမစ်ဒင်ခေါင်းဆောင်ဟောင်းတဦးဖြစ်သောမူလာအိုမာ (Mullah Omar)ဖွစ်သည်။ ပါကစ်စတန်ရှိအစ်စလာမ်ဘာသာရေးကျောင်း (မဒရာဆာ)များမှ ကျောင်းသားများဖြင့် ဖွဲ့စည်းထား၍ ထိုအဖွဲ့အား “တာလီဘန်” (ကျောင်းသားများ)ဟု ခေါ်ကြသည်။
တာလီဘန်အဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် ပါကစ္စတန်- အာဖဂန်နစ္စတန်နယ်စပ်ဒေသမှာ ပထမဆုံး စတင်ပေါ်ပေါက်လာသည်။ တာလီဘန်များက ပြည်တွင်း စစ်အားရပ်တန့်စေကာလမ်းမပေါ်ရှိ ဖြစ်ပျက်နေသောသွေးထွက်သံယိုရာဇဝတ်မှုများအား ထိထိရောက်ရောက် ရှင်းလင်းလာတော့သည်။
ဤသို့ဖြင့် တာလီဘန်၏ အစဦးပိုင်းတွင် လူထု၏လက်ခုတ်သံကို ရခဲ့သည်။
တာလီဘန် နောက်ကွယ်က အထောက်အပံ့
ဆိုဗီယက်တပ်များအာဖဂန်မှဆုတ်ခွာပြီးနောက်တွင် အနောက်အုပ်စုဘက်မှာလည်းမူဂျာဟစ်ဒင်များကို လက်နက်ထောက်ပံ့မှုများရပ်ဆိုင်းကာ အာဖဂန်ဇာတ်ရှုပ်မှဆုတ်ခွာခဲ့သည်။
ဤသို့ဖြင့် အာဖဂန်တွင် အနောက်အုပ်စုနှင့်ဆိုဗီယက်တို့ ဆုတ်သွားပြီးနောက်ပါဝါလေဟာနယ်က ပေါ်လာပြန်သည်။
ထိုပါဝါလေဟာနယ်သို့ အစားဝင်လာသူဇတ်ကောင်သစ်များမှာ ပါကစ္စတန်နှင့် ဆော်ဒီတို့ဖြစ်သည်။
ထိုနှစ်နိုင်ငံလုံး အမေရိကန်၏ မဟာမိတ်များဖြစ်သည်။ ပါကစ္စတန်က အိန္ဒိယနှင့်အားပြိုင်ရန် အာဖဂန်တွင် ၎င်းနှင့်အဆင်ပြေမည့် အစိုးရတရပ်ကိုလိုချင်သည်။
ဆော်ဒီက ပြိုင်ဘက်ရှီယိုက်အီရန်ကို ရင်ဆိုင်ရန် အာဖဂန်ကစားကွင်းထဲသို့ဝင်လာသည်။ ဆွန်နီဆော်ဒီ၏ ဝါဟာဘီ (Wahhabi)အယူအဆက တာလီဘန်အယူအဆနှင့် ကိုက်ညီသည်။
ဤသို့ဖြင့် တာလီဘန်အား အဆိုပါနှစ်နိုင်ငံထောက်ပံတော့သည်။ ပါကစ္စတန်က အာဖဂန်ကိုဖြတ်ကာ ဗဟိုအာရှနှင့် ခြိတ်ဆက်ချင်သည်။
အမေရိကန်က အာဖဂန်ကိုဖြတ်ကာ ပါကစ္စတန်နှင့် ရေနံပိုက်လိုင်းသွယ်ချင်သည်။
ဆော်ဒီက အီရန်၏ ဩဇာအာဏာပျံနှံ့လာမည်ကို မလိုလားချေ။
ထိုသုံးနိုင်ငံအတွက် အာဖဂန်တွင် ၎င်းတို့အဖို့ စိတ်ချရသော အစိုးရတရပ်တက်လာပြီး တည်ငြိမ်အောင်လုပ်လျှင် အဆင်ပြေမည်ဖြစ်သည်။
တာလီဘန်များ၏ ကနဦးလုပ်ရပ်က အာဖဂန်အား တည်ငြိမ်အောင်ပြုလုပ်ပေးမည့် အဖွဲ့အစည်းမျိုးအဖြစ်ရှူမြင်ခံရသည်။
တာလီဘန်ကလည်း အီရန်နှင့်အဆက် အသွယ်ရှိသော အုပ်စုများကိုလည်းတိုက်သည်။
ထိုလုပ်ရပ်က အီရန်နှင့် ရန်ဘက် အမေရိကန်နှင့် ဆော်ဒီတို့ဘက်မှာတာလီဘန် အပေါ် မျှော်လင့်ချက်ကို ဖြစ်စေသည်။ အမှန်တော့ တာလီဘန်များက “အာဖဂန်တွင် ၎င်းတို့မှလွဲ၍အခြားလက်နက်ကိုင်များရှိမည်ကို မလိုလား၍တိုက်ခြင်း” သာဖြစ်သည်။
ပါကစ္စတန်က ထောက်ခံထားသောဂူလ်ဘူဒင်ဟက်ခ္မာတီယာ (Gulbuddin Hekmatyar)၏ ဟစ်ဇ်ဘ်-အီ-အစ္စလာမီ (Hezb-e Islami)အဖွဲ့ကိုလည်း တိုက်သည်။ ဟစ်ဇဘ်-အီ-အစ္စလာမီ အဖွဲ့သည် တာလီဘန်များ၏ အယူအဆနှင့်သိပ်မကွာသောအဖွဲ့ ဖြစ်သည်။
သို့သော် တာလီဘန်များအဖို့က ၎င်းတို့နှင့်ရပ်တည်ချက်ပလက်ဖောင်းတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အာဖဂန်တွင် ၎င်းတို့မှလွဲ၍အခြားမည်သူမှ မရှိရ၊ ရှိလိုပါက ၎င်းတို့လက်အောက်ခံလုပ်လျှင်လုပ်၊ သေချာသည့်အချက်က ၎င်းတို့သာအုပ်ချုပ်မည်၊ ၎င်းတို့အနေဖြင့် အုပ်ချုပ်ရေးနှင့်နိုင်ငံရေးအာဏာအား ခွဲဝေမှုကို ဖြစ်စေမည့်မည်သည်ဇတ်ကောင်ကိုမှ မလိုလားပေ။
ဆင်လက်ဖော်ပြပါမည်။






