Border News Agency
မိုင်းငေါ့၊ ဩဂုတ် ၂၄။
တအာင်းပြည်၊ မိုင်းငေါ့မြို့နယ်၊ ဟဲခမ်းကျေးရွာအနီးရွှေလုပ်ငန်းခွင်မှာ ရွှေကျင်းနေစဉ်မြေပြိုကျမှုဖြစ်ပွားရာမှ အမျိုးသားတဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဟဲခမ်းကျေးရွာမှာပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်၊မနက် ၁၁ နာရီအချိန်ခန့်က လုပ်သားနှစ်ဆယ်ခန့်ရွှေကျင်းနေကြချိန် အသက်သုံးဆယ်ခုနှစ်နှစ်အရွယ် ဦးသက်ပိုင်စိုးမှာ ရွှေတွင်းအတွင်းမြေတူးနေတုန်း မြေပြိုကျမှုဖြစ်ပြီး ပိတ်မိကာသေဆုံးခဲ့တာပါ။
အဲဒီအပြင်မြေပြိုကျမှုကြောင့် ရွှေတွင်းအပြင်ဘက်မှာအလုပ်လုပ်နေတဲ့ ကိုကျော်ငြိမ်းလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကျန်ရှိတဲ့လုပ်သားတွေက ဝိုင်းဝန်းဖယ်ရှားခဲ့ကြပေမယ့် ဦးသက်ပိုင်စိုးမှာအသက်ဆုံးရှုံးသွားခဲ့တာဖြစ်ပြီး တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးကာ ရုပ်အလောင်းကိုမီးသင်္ဂြိုဟ်ပေးခဲ့ပါတယ်။
မိုးရာသီမှာမြေသားပျော့လာပြီး ရွှေတွင်းတွေအတွင်း မြေပြိုမှုအန္တရာယ်ရှိတာကြောင့် ရွှေကျင်းလုပ်သားတွေအနေနဲ့ အထူးသတိထားလုပ်ကိုင်ကြဖို့နဲ့ အန္တရာယ်လက္ခဏာတွေ့ပါက လုပ်ငန်းခွင်မှချက်ချင်းရှောင်ရှားကြဖို့လည်း တအာင်းတပ်ကအသိပေးထားပါတယ်။












