Border News Agency
သံတွဲ၊ အောက်တိုဘာ ၁၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့နယ်ကို အောက်တိုဘာလ ၁၀ ရက်၊ ဒီမနက် ၈ နာရီကျော်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီသံတွဲမြို့နယ်၊ ဇလွန်အနီးရှိ ရွာရှည်ကျေးရွာရဲ့အရှေ့ဘက် တောင်ခြေရင်းတွေကို နှစ်ကြိမ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုဟာ တောထဲမှာကျရောက်ပေါက်ကွဲခဲ့တာမို့ ထိခိုက်ပျက်စီးတာတွေမရှိဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
“ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးမှုတွေတော့မရှိခဲ့ပါဘူး။ ဗုံးကနှစ်လုံးကြဲချတာ။ ရွာရှည်ရွာရဲ့အရှေ့ဘက်တောင် ခြေရင်းနဲ့တောင်ကြောထဲမှာကျတယ်။”လို့ သံတွဲဒေသခံတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီသံတွဲမြို့နယ်မှာ အောက်တိုဘာလ ၉ ရက်နေ့ကတည်းက စစ်ကော်မရှင်လေယာဥ်တွေပျံသန်းကင်းထောက်နေတာလို့ သံတွဲဒေသခံတွေက ဆိုကြပါတယ်။
အဲဒီသံတွဲမြို့နယ်၊ ပဒဲကောကျေးရွာအနီးကို စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်ခဲ့လို့ နေအိမ်တချို့နဲ့ဘုန်းကြီးကျောင်းတဆောင် ပြိုကျပျက်စီးသွားခဲ့ပါတယ်။
အဲဒီအပြင်သံတွဲမြို့၊ ညောင်ပင်ဈေးရပ်ကွက်ကို စက်တင်ဘာလ ၂၇ ရက်နေ့ကလေကြောင်းတိုက်ခိုက်ခဲ့လို့ တဦးသေဆုံးပြီးခြောက်ဦးဒဏ်ရာရခဲ့သလိုနေ အိမ်ရှစ်လုံးပျက်စီးသွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ သံတွဲ၊ တောင်ကုတ်၊ ဂွနဲ့အမ်းမြို့တွေမှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ကြိုးစားနေပြီး ပြန်လည်ထိန်းချုပ်နိုင်တော့မယ်လို့ ဝါဒဖြန့်နေပါတယ်။






