Border News Agency
မြောက်ဦး၊ အောက်တိုဘာ ၁၁။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတချို့ကို စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးဆက်လက်ပြုလုပ်ရန် ပြင်ဆင်နေတယ်လို့ အောက်တိုဘာလ ၁၀ ရက်၊ မနေ့က အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်ဟာ နှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာနေရာငါးခုမှာအပြန်အလှန်ထိုးစစ်တွေ နေ့စဉ်တိုက်ခိုက်နေခဲ့ကြတာကြာနေပြီလို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့နယ်တချို့ကို စစ်ကော်မရှင်တပ်က လေကြောင်း၊ ရေးကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီး ကြည်း၊ ရေ၊ လေ စစ်သည်လက်နက်ဖြည့်တင်းပြီးပြန်လည်ထိုးစစ်ဆင်သိမ်းယူဖို့ကြိုးစားနေတယ်လို့ ဆိုကြပါတယ်။
“ရိုးလမ်းအားလုံးကပြန်ဝင်ဖို့ကြိုးစားနေပါတယ်။ ပြီးရင်ရေလမ်းတွေအားလုံးမှာ အင်အားအများကြီးထပ်ဖြည့်ထားပါတယ်။ လေကြောင်းကင်းထောက်တာတွေလည်း နေ့တိုင်းပြုလုပ်နေပါတယ်။ ပုဏ္ဏားကျွန်း၊ ဂွ၊ သံတွဲကို မြေပြင်ခြေကုပ်ယူဖို့ကြိုးစားနေတာတွေ့ရပါတယ်။”လို့ စစ်ရေးစောင့်ကြည့်လေ့လာ သူတဦးက Border News Agency ကိုပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ စစ်တွေမြို့နယ်မှာ စစ်သည်အင်အားတသောင်းနီးပါးထိဖြည့်တင်းထားသလို ရေတပ်စစ်သင်္ဘောတွေလည်း အများဆုံးဖြည့်တင်းထားပြီး ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောစတဲ့သုံးမြို့နယ်ကို ရေလမ်းကြောင်းမှ ပိတ်ဆို့စောင့်ကြည့်နေတယ်လို့ စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းကဆိုကြပါတယ်။
အဲဒီအပြင် မာန်အောင်၊ ရမ်းဗြဲရေလက်ကြားမှာလည်း ရေတပ်စစ်သင်္ဘောတွေကို အများဆုံးတပ်ဖြန့်ချထားသလို ဂွ၊ သံတွဲအနီးပင်လယ်ပြင်တွေမှာလည်း ရေတပ်စစ်သင်္ဘောတွေကို ကမ်းတက်ထိုးစစ်ဆင်ဖို့ အင်အားအများဆုံးတပ်ဖြန့်ချထားတယ်လို့ စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်း၊ သံတွဲ၊ ဂွစတဲ့မြို့နယ်တွေအပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေကို လေကြောင်းကင်းထောက်တာတွေ နေ့စဥ်ရက်ဆက်ပြုလုပ်နေတာဟာ ထိုးစစ်ဆင်ဖို့ပြန်သိမ်းဖို့ ကြိုးစားနေတာဖြစ်ပြီး စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်ပြန်လည်သိမ်းယူလာနိုင်တယ်လို့ စစ်ရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။
“စစ်ကော်မရှင်ကတော့ တလက်မရရ၊ တနေရာရရ၊ တမြို့ရရ ပြန်သိမ်းဖို့ကြိုးစားမှာပါပဲ။ ဒါကိုသိလို့ အေအေကလည်းအများကြီးပြင်ဆင်ထားမယ်ထင်ပါတယ်။ ခုထိတော့ပြန်ပြီးထိုးစစ်ဆင်လာတာမတွေ့ရသေးပါဘူး။ ဒါပေမယ့် ရေတပ်အင်အားကိုအများဆုံးဖြည့်ထားတာကို သတိထားမိပါတယ်။ ပြည်သူတွေကတော့ အများကြီးသတိထားရပါမယ်။”လို့ စစ်ရေးစောင့်ကြည့်လေ့လာ သူတဦးက Border News Agency ကိုပြောပါတယ်။
လာမယ့်ဒီဇင်ဘာလ၂၈ ရက်နေ့ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့ လေးမြို့နယ်ကိုလည်း ရွေးကောက်ပွဲပြုလုပ်မယ့်လို့ စစ်ကော်မရှင်ထုတ်ပြန်ထားပါတယ်။
အဲဒီနောက် လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေသလို ရေတပ်စစ်သင်္ဘောတွေလည်း အင်အားဖြည့်တပ်ဖြန့်ချထားပြီး လက်နက်ကြီးပစ်ခတ်တာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နေရာတချို့ကို စစ်ကော်မရှင်တပ်ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆက်ပြုလုပ်ဖို့ပြင်ဆင်နေတာကြောင့် ပြည်သူတွေစစ်ရေးသတိရှိကြဖို့ အာရက္ခတပ်တော်သတိ ပေးထားပါတယ်။






