အင်တာဗျူး
Border News Agency
မြောက်ဦး၊ အောက်တိုဘာ ၂၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေရှိစစ်ဘေးရှောင်တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမရကြတာမို့ စားဝတ်နေရေးအခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်။
အဲဒီမြောက်ဦးမြို့မှ စစ်ဘေးရှောင်အမျိုးသမီးဒေါ်လှမြသန်းက သူမတို့ကြုံတွေ့နေရတာတွေကို ပြောပြဖူးပါတယ်။
“စစ်တွေကနေ စစ်ဘေးရှောင်လာတာပါ။ အခက်အခဲကတော့ ည ၁၂ နာရီမှာခိုးပြီးလာခဲ့ရတာပါ။ ဆတ်ရိုးကျတံတားကနေပြီးတော့ လှေတွေကိုတိုက်ခိုက်တာတွေလည်းရှိလို့…။ လှေတွေပေါ်မှာခိုးပြီးလိုက်လာရတာပါ။”
“ခုနေတဲ့လော်ကမူရပ်ကွက်ကိုအရင်ရောက်တာမဟုတ်ဘဲ၊ ပေါက်တော ချောင်းကြီးမှာ အရင်ရောက်တာပါ။ ပြီးမှလော်ကမူကို ရောက်လာတာပါ။”
“ဆတ်ရိုးကျတံတားကနေည ၁၂ နာရီအချိန်မှာ ငပြေကျကို အရင်လာရပါတယ်။ ပြီးမှပေါက်တော၊ ချောင်းကြီးကိုလာရတာပါ။”
“ချောင်းကြီးမှာ ၂ လကျော်လောက်နေခဲ့ပါတယ်။ ပြီးရင် စွန်ရဲကိုသွားရပါတယ်… လှေနဲ့။စွန်ရဲကနေပြီးတော့ ကားစီးပြီးတော့ မြောက်ဦးမြို့၊ ပြင်စျေရပ်ကွက်ကိုရောက်ပါတယ်။”
“ပြင်စျေးအောက်လမ်းမှာ ၂လကျော်နေခဲ့ပါတယ်။ဘဝပေးအခြေနေအဆင်မပြေလို့ပါ။အဲဒီမှာ၂လကျော်နေပြီးတာနဲ့ မြောက်ဦးမြို့နယ်၊ရွာဟောင်းတောကျေးရွာကိုသွားရပါတယ်။ရွာဟောင်းတောမှာတနှစ်ကျော်နေခဲ့ပါတယ်။ ပြီးမှမြောက်ဦးကိုပြန်ရောက်လာတာပါ။”
“စစ်ဘေးရှောင်နေတာ ၂ နှစ်ကျော်ပါပြီ။ စစ်ဘေးရှောင်မိသားစုဝင်က ကျွန်မအမေရယ်၊ကျွန်မအပါအဝင်လေးယောက်ပါ။”
“အခက်အခဲကတော့ ၁၁ တန်းတက်နေတဲ့သမီးလေးတယောက်ပါပါတယ် အလုပ်လုပ်မယ့်သူကမပါတော့… စားဝတ်နေရေးအဆင်မပြေပါဘူး။ ပြေးလာတုန်းကကိုးလသားအရွယ်သမီးလေးတယောက်ပါပါတယ်။ အခုကနှစ်နှစ်ကျော်ပါပြီ။ နောက်ထပ်ငါးတန်းတက်နေတဲ့ကလေးတယောက်ပါပါတယ်။ ကလေးတွေကဘယ်သူမှအလုပ်မလုပ်တတ်သေးပါဘူး။”
“ပါလာတဲ့ပိုက်ဆံတွေကလည်းစားဝတ် နေရေးသုံးနေရတာနဲ့ကုန်သွားပါပြီ။ အကူအညီပေးမယ်ဆိုရင် ကျွန်မကတော့ ပိုက်ဆံပဲလိုချင်ပါတယ်။ ပိုက်ဆံမရှိတော့ ဘာမှလုပ်လို့မရပါဘူး။”
“သမီးတယောက်က ၁၁ တန်းပါ။ထပ်ပြီးကျောင်းမထားနိုင်တော့ပါဘူး။ စာမေးပွဲလည်းမဖြေရသေးပါဘူး။”
“နိုင်ငံတကာကနေပြီးတော့ အကူအညီအထောက်ပံ့လေးတွေလိုချင်ပါတယ်။”
“ခုလိုစစ်ဘေးရှောင်နေတာကလည်း အသက်ဘေးအန္တာရာယ်ကလွတ်အောင် ရှောင်နေတာပါ။ ငတ်ပြီးသေရမှာလည်းကြောက်ရပါတယ်။ ကလေးတွေလည်းပါတော့… ကျွန်မအမေကလည်း ကျန်းမာရေးမကောင်းပါဘူး။”
“မြတ်တော်ဝင်ဆေးခန်းမှာ နှစ်ခေါက်ပြထားရပါတယ်။ ခုနှစ်နှစ်အရွယ်ကလေးကလည်းနေမကောင်းပါ။ အလတ်မလေးကလည်း အမြဲတမ်းဗိုက်နေမကောင်း ခဏခဏဖြစ်ပါတယ်။”
“ကျန်းမာရေးကမကောင်း၊ အလုပ်လုပ်ဖို့ကအဆင်မပြေနဲ့အားလုံးအခက်အခဲပါ။ ဆောင်းဝင်လာပြီဖြစ်ပေမယ့် အနွေးထည်တွေ စောင်တွေလည်းမရှိပါဘူး။”
“ဒါပေမယ့် ရွာဟောင်းတောမှာနေတုန်းက HIV အဖွဲ့ကို တင်ပြလိုက်တော့ စောင်တွေပေးလာပါတယ်။ အဲဒီမှာနေတုန်းကရခဲ့ပါတယ်။”
“အခုလာတော့ဘာမှမပါပါဘူး။ အဝတ်အစားကအစ အဝတ်အစားလည်းမရှိပါဘူး။ တထည်ချွတ်တထည်ဝတ် စစ်တွေကလာကတည်းကအဝတ်တထည်ကိုယ်တခုနဲ့ပြေးလာရတာမလို့။ အိုးခွက်တွေလည်းမပါ။ ဘာဆိုဘာမှမပါပါဘူး။”
“အဓိကလိုအပ်တာက ပိုက်ဆံပဲလိုပါတယ်။ ပိုက်ဆံမရှိရင် အခုချက်ချင်းတောင်ငတ်သွားနိုင်ပါတယ်။ စစ်ဘေးရှောင်ဘဝနဲ့ဘယ်လောက်ထိကြာမယ်ဆိုတာလည်းမသိသေးပါဘူး။”






