Border News Agency
သထုံ၊ နိုဝင်ဘာ ၁၀။
မွန်ပြည်၊ သထုံမြို့နယ်ကကျေးရွာကို စစ်ကော်မရှင်တပ် လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားနှစ်ဦး ဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ နိုဝင်ဘာလ ၉ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ အမှတ် ၃၁၄ အ မြောက်တပ်မှ ပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကို နိုဝင်ဘာလ ၆ ရက်နေ့က ၁၂၀ မမလက်နက်ကြီးနှစ်လုံးနဲ့ အမှတ် ၉ ခြေမြန်တပ်ရင်းကမှ ၆၀ မမ လက်နက်ကြီးငါးလုံးပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုပစ်ခတ်ခဲ့တာကြောင့် ကျခတ်ချောင်းကျေးရွာအုပ်စု၊ နောက်ကတုတ် အောက်ရွာလှသာကုန်းကွင်းကိုတလုံး၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ မိချောင်းအိုင်ရွာအနီးကိုတလုံး၊ ချောင်းစောင့်ကျေးရွာအုပ်စုချောင်းစောင့်ရွာပြင်ကို ငါးလုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် နေအိမ်နှစ်လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်ဟာနိုဝင်ဘာ ၇ ရက်နေ့ကလည်း ရေဝေရွာ၊ နောင်ကတုတ်အထက်ရွာ၊ ကော့လှိုင်းရွာ၊ဝင်ဖုန်းတောင်ခြေ၊ မိချောင်းအိုင်ရွာ၊ ရွှေကြည်ရွာနဲ့ရေတွင်းဖြူရွာတွေကို လေကြောင်းမှ ၈၁ မမ လက်နက်ကြီးသုံးဆယ်ရှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ရေဝေရွာနဲ့နောင်ကတုတ်အထက်ရွာက အရပ်သားနှစ်ဦးဒဏ်ရာရသွားသလို ဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ်ရဲ့ ခမရ ၉ မှ ချောင်းစောင့်ကျေးရွာအနီးတဝိုက်ကို ၆၀ မမ လက်နက်ကြီး ခြောက်လုံးပစ်ခတ်ခဲ့တာကြောင့် ပြည်သူတွေရဲ့ သီးနှံပင်တွေပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီးအမှတ် ၉ လေ့ကျင့်ရေးတပ်ရင်းမှ ချောင်းစောင့်ရွာကို ဒရုန်းဗုံးတလုံး၊ ရွှေရောင်ပြရွာကိုသုံးလုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တလုံးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။












