Border News Agency
ကျောက်ဖြူ၊ ဒီဇင်ဘာ ၅။
ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသမီးနှစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ လိပ်ပြင်ကျိန်ကျေးရွာအနီးစပါးခင်းမှာ စပါးရိတ်သိမ်းနေချိန် ဒီဇင်ဘာလ ၃ ရက်၊ မနက် ၉ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်မှ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် စပါးရိတ်သိမ်းနေတဲ့ သားအမိအမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး တဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အဲဒီအမျိုးသမီးနှစ်ဦးမှာ မိခင်ဖြစ်သူဒေါ်မဝင်းကြည်နဲ့ သမီးဖြစ်သူခင်ဝင်းတင်တို့သေဆုံးခဲ့ကြပြီး မဝင်းနုလည်းဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
သူတို့တွေဟာကျောက်ဖြူမြို့နယ်၊ ဝါးတောကျေးရွာဇာတိဖြစ်ပြီး တိုက်ပွဲတွေကြောင့်လိပ်ပြင်ကျိန်ကျေးရွာမှ ယာယီစစ်ဘေးရှောင်နေကြတာလို့ ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူအပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကိုစစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းကတိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေကမိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီးစစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။






