Border News Agency
မြိတ်၊ ဇန်နဝါရီ ၂၅။
ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်ရဲ့ ခလရ-၄၀၆ က တပ်သားငါးဦးဟာ ဇန်နဝါရီလ ၂၃ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
အဲဒီတပ်သားငါးဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄၊ တပ်ရင်း ၁၀ ဆီကို လာရောက်ပူးပေါင်းခဲ့ကြတာဖြစ်ပါတယ်။
သူတို့နဲ့အတူ MA စီးရီး သေနတ်ငါးလက်၊ BA-100 တလက်နဲ့ ကျည်ဆန်၊ စစ်သုံးပစ္စည်းတချို့ပါရှိလာခဲ့ပါတယ်။
အဲဒီအတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခံရတာအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်အတွင်းဆက်ပြီး မနေလိုတော့တဲ့ တပ်သားတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေထံ အမြန်ဆုံးအလင်းဝင်ကြဖို့ကိုလည်း ကေအဲန်ယူဘက်က တိုက်တွန်းထားပါတယ်။
အဲဒီအလင်းဝင်လာတဲ့တပ်သားတွေကို KNLA တပ်မဟာ ၄ ကကောင်းမွန်စွာ လက်ခံစောင့်ရှောက်ထားပြီးလိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြိတ်-ထားဝယ်ဒေသအပါအဝင် ကေအဲန်ယူထိန်းချုပ်နယ်မြေအသီးသီးမှာ စစ်ကော်မရှင်တပ်သားတွေ လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံလာမှုဟာ တနေ့ထက်တနေ့ ပိုမိုများပြားလာနေပါတယ်။






