မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းရှိ မြောက်ဆည်ကျေးရွာကို ဖေဖော်ဝါရီလ ၄ ရက်၊ညနေ ၅ နာရီ ၄၆ မိနစ်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးဒဏ်ရာရသွားတယ်လို့အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီ မြောက်ဆည်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့သလို စက်လက်နက်တွေနဲ့လည်းနှစ်ကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတဦးဒဏ်ရာရသွားခဲ့သလို တောင်သူတွေမွေးမြူထားတဲ့ ဆိတ်နဲ့ နွားတွေလည်းသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ မြိုင်မြို့နယ်အတွင်း မြေပြင်စစ်ကြောင်းထိုးနိုင်တာမရှိတာမို့ မြောက်ပိုင်း၊အနောက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေကိုအဓိကအားထား လေကြောင်းတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
အဲဒီမြိုင်မြို့နယ် တောင်ပိုင်းနဲ့အရှေ့ပိုင်းကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ ၃ ရက်နေ့ကတည်းကနေ ဒီနေ့ထိမြေပြင်စစ်ကြောင်းတွေထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရင်ကတိုက်ခိုက်ခံခဲ့ရတဲ့ နေရာဟောင်းတွေကိုပါထပ်ပြီးပစ်မှတ်ထားနေတာကြောင့် မြိုင်မြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကိုအထူးသတိထားကြဖို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့ကအသိပေးထားပါတယ်။











