Border News Agency
ထိုင်း၊မေ ၂၅။
ထိုင်းနိုင်ငံ၊စမုတ်ပရာကန်ပြည်နယ်၊ဘန်ဖလီမြို့နယ်ရှိ ဟိုတယ်အခန်းတခုထဲမှာ မူးယစ်ဆေးဝါးလို့ သံသယရှိတဲ့ ဆေးတောင့်ပေါင်း ၅၀ ကျော်ကို ဝမ်းဗိုက်ထဲမျိုချပြီး သယ်ဆောင်လာတဲ့ အသက် ၂၄ နှစ်အရွယ် တူရကီအမျိုးသား ဘာပန်ကို မေလ ၂၃ ရက်နေ့က သေဆုံးလျက် တွေ့ရှိခဲ့ရပါတယ်။
ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်စစ်ဆေးတဲ့အခါ အလောင်းမှာ ပြင်ပဒဏ်ရာ ဒါမှမဟုတ် တိုက်ခိုက်ခံရတဲ့ လက္ခဏာမျိုး မတွေ့ရဘဲ အိမ်သာအနီးနဲ့ မစင်တွေပေကျံနေတဲ့ ပလတ်စတစ်အိတ်အမည်းထဲမှာ ဆေးတောင့်ပုံစံ အထုပ်ငယ် ၅၀ ကျော် ပြန့်ကျဲနေတာကို တွေ့ရှိခဲ့ရတာပါ။
စစ်ဆေးချက်တွေအရ သူဟာ မေလ ၂၂ ရက်နေ့ မနက်အစောပိုင်းကမှ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်ရှိလာပြီး ဟိုတယ်မှာ တည်းခိုခဲ့တာ ဖြစ်ပါတယ်။
အဲဒီလေဆိပ်မှာ ဖမ်းဆီးခံရမှာစိုးလို့ ထိုင်းနိုင်ငံထဲ မဝင်ခင် မူးယစ်ဆေးဝါးအထုပ်တွေကို မျိုချသယ်ဆောင်လာခဲ့ပြီး ဟိုတယ်ခန်းထဲရောက်မှ ပြန်စွန့်ထုတ်ဖို့ ကြိုးစားခဲ့ပုံရတယ်လို့ ရဲတပ်ဖွဲ့က သုံးသပ်ထားပါတယ်။
ဒါပေမယ့် ခန္ဓာကိုယ်အတွင်းပိုင်းမှာ ဆေးတောင့်ပေါက်ပြဲတာ ဒါမှမဟုတ် နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်ပြီး သေဆုံးသွားခဲ့တာလို့ ယူဆရတယ်လို့ဆိုပါတယ်။
ရဲတပ်ဖွဲ့က အဲဒီသံသယဖြစ်ဖွယ် ဆေးတောင့်တွေနဲ့ အခြားသက်သေခံပစ္စည်းတွေကို ဓာတ်ခွဲစစ်ဆေးဖို့ သိမ်းဆည်းထားပြီး နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေနဲ့ ဆက်စပ်မှု ရှိ၊ မရှိကိုပါစုံစမ်းစစ်ဆေးမှုတွေ ချဲ့ထွင်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
အဲဒီသေဆုံးရတဲ့ အကြောင်းရင်းအမှန်ကို သိနိုင်ဖို့ အလောင်းကို ရင်ခွဲစစ်ဆေးဖို့ ပို့ဆောင်ထားပြီး ဥပဒေကြောင်းအရ လုပ်ငန်းစဉ်တွေအတွက် ထိုင်းနိုင်ငံရှိ တူရကီသံရုံးနဲ့ပါ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။






