Border News Agency
အမေရိကန် ဇွန် ၆။
အမေရိကန်ရေတပ်ရဲ့ ဆိပ်ကမ်းတွေပိတ်ဆို့မှုကြောင့် ပြီးခဲ့တဲ့ မေလအတွင်း အီရန်နိုင်ငံရဲ့ ရေနံစိမ်းတင်ပို့မှုဟာအနည်းဆုံး ၆ နှစ်တာကာလအတွင်း အနိမ့်ဆုံးအဆင့်အထိကျဆင်းသွားပြီး ရေနံဝင်ငွေ ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အမေရိကန်-အစ္စရေး ပူးပေါင်းတိုက်ခိုက်မှုတွေ စတင်ပြီးနောက် အီရန်ဘက်ကကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်ခဲ့ပါတယ်။
အဲဒီနောက် ဧပြီလ ၁၃ ရက်မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ ဖိအားပေးတဲ့အနေနဲ့ အီရန်ဆိပ်ကမ်းတွေကို ရေတပ်နဲ့ ပြန်လည်ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။
ကုန်သွယ်မှုဆိုင်ရာအချက်အလက်တွေအရ ရေတပ်ပိတ်ဆို့မှုမတိုင်ခင်က အီရန်ဟာ တရက်ကို ရေနံစိမ်းစည်ပေါင်း ၂ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး မတ်လမှာ ဝင်ငွေ ဒေါ်လာ ၅ ဒသမ ၁၃ ဘီလီယံနဲ့ ဧပြီလမှာ ဒေါ်လာ ၃ ဒသမ ၆၂ ဘီလီယံအထိ ရရှိခဲ့ပါတယ်။
ဒါပေမယ့် မေလမှာတော့ တင်ပို့မှုဟာ တရက်ကို စည်ပေါင်း ၃ သိန်းအောက်အထိ ထိုးဆင်းသွားပြီး ဝင်ငွေ ဒေါ်လာ ၈၃၇ သန်းသာ ရရှိခဲ့တာကြောင့် မတ်လနဲ့ နှိုင်းယှဉ်ရင် ၈၄ ရာခိုင်နှုန်းခန့် ကျဆင်းသွားတာ ဖြစ်ပါတယ်။
လတ်တလောမှာအီရန်ဟာ မရောင်းရသေးတဲ့ ရေနံစိမ်းစည်ပေါင်း ၁၄၇ သန်းခန့်ကို ပင်လယ်ပြင်ရှိ ရေနံတင်သင်္ဘောတွေပေါ်မှာ ယာယီသိုလှောင်ထားရပြီး အဲဒီထဲက စည် ၆၇ သန်းခန့်ဟာ အမေရိကန်ရေတပ်ရဲ့ ပိတ်ဆို့မှုမျဉ်းကြောင့် ပင်လယ်ကွေ့အတွင်းကနေ အပြင်မထွက်နိုင်ဘဲ ပိတ်မိနေတယ်လို့ ဆိုပါတယ်။
အီရန်နဲ့ တရုတ်နိုင်ငံတို့ဟာ ရေလမ်းကြောင်းပိတ်ဆို့မှုကို ကျော်လွှားဖို့ ကုန်းလမ်းရထားလမ်းကြောင်းတွေကို ရှာဖွေနေပေမယ့် ကုန်ကျစရိတ်နဲ့ သယ်ယူပို့ဆောင်ရေးအပိုင်းမှာ ရေနံတင်သင်္ဘောကြီးတွေကို မမှီတာကြောင့် အခက်အခဲဖြစ်နေပါတယ်။
အခုပိတ်ဆို့မှုဟာ အီရန်စီးပွားရေးကို ရေရှည်မှာ ထိခိုက်စေနိုင်ပေမယ့် တဖက်မှာလည်း ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် အမေရိကန်နဲ့ ကမ္ဘာ့စီးပွားရေးအပေါ် ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။






