Border News Agency
အမေရိကန်၊ဇွန် ၇။
မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၉ နိုင်ငံက လာရောက်သူတွေအပေါ် သမ္မတဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က ဆိုင်းငံ့ပိတ်ဆို့ထားတဲ့ ခိုလှုံခွင့်နဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကျိုးခံစားခွင့်တွေကို အမေရိကန် ပြည်ထောင်စုတရားသူကြီးတဦးက ဇွန်လ ၅ ရက်နေ့မှာ ပယ်ချလိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Rhode Island ပြည်နယ်ရဲ့ အမေရိကန်ခရိုင်တရားသူကြီးချုပ် John J. McConnell Jr. က စာမျက်နှာ ၁၃၅ မျက်နှာပါဝင်တဲ့ စီရင်ချက်ကို ချမှတ်ခဲ့တာဖြစ်ပြီး အစိုးရအနေနဲ့ အဲဒီဗီဇာလျှောက်လွှာတွေကို ပိတ်ဆို့ဆိုင်းငံ့ထားခြင်းမပြုဖို့ ချက်ချင်း တားမြစ်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
အရင်ကသမ္မတထရမ့်အစိုးရရဲ့ ကန့်သတ်ချက်ကြောင့် မြန်မာအပါအဝင် ၃၉ နိုင်ငံက ပြည်သူတွေ အမေရိကန်သို့ လာရောက်ခွင့် အပြင် ရောက်ရှိနေပြီးသား ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အမြဲတမ်းနေထိုင်ခွင့် (Green Card)၊ခိုလှုံခွင့် (Asylum) နဲ့ အလုပ်လုပ်ကိုင်ခွင့် (Work Permit) ဆုံးဖြတ်ချက်တွေကို အမေရိကန်အကောက်ခွန်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) က ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။
အခုထွက်ပေါ်လာတဲ့ တရားရုံးအမိန့်အရ အစိုးရဘက်က ပိတ်ဆို့ထားတဲ့ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားမှု၊ အလုပ်လုပ်ကိုင်ခွင့်ပါမစ်၊ အမြဲတမ်းနေထိုင်ခွင့် (Green Card) နဲ့ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားမှု စတဲ့ အဓိကအကျိုးခံစားခွင့် ၄ ခုကို ချက်ချင်း ပြန်လည်ခွင့်ပြုပေးရတော့မှာ ဖြစ်ပါတယ်။







