Border News Agency
မလေးရှား၊ ဇွန် ၈။
မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ်၊ တာနာ့မေရမြို့မှာ UNHCR ဒုက္ခသည်ကတ်အတုတွေကို ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို အထွေထွေစစ်ဆင်ရေးတပ်ဖွဲ့ (PGA) က ဇွန်လ ၇ ရက်နေ့ ညပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။
အဲဒီတာနာ့မေရမြို့မှ တာဝန်ရှိသူတွေဟာ စစ်ဆေးရေးဂိတ်တခုမှာ သံသယဖြစ်ဖွယ်ကားတစီးကို ရပ်တန့်စစ်ဆေးခဲ့ပါတယ်။
အဲဒီကားပေါ်မှာပါတဲ့ ၃ ဦးထဲက ယာဉ်မောင်းမှာ တရားဝင်ကတ်ပါပေမယ့် သူက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို သယ်ဆောင်ပေးတဲ့အတွက် အရေးယူခံရမှာဖြစ်ပြီး ကျန်တဲ့ခရီးသည် ၂ ဦးကတော့ ကတ်အတုတွေ ကိုင်ဆောင်ထားတာကြောင့် အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။
အဲဒီယာဉ်မောင်းဖြစ်သူဟာ ၂၀၁၉ ခုနှစ်ကတည်းက စက်လှေနဲ့ မလေးရှားကို တရားမဝင် ဝင်ရောက်လာသူဖြစ်နေပြီး ဂျိုဟိုးဘားရူးမှာ အလုပ်သမားအဖြစ် ၅ နှစ်ကြာ လုပ်ကိုင်ခဲ့သူလို့သိရပါတယ်။
သူတို့ကပါဆစ်မားမှာရှိတဲ့ ဆွေမျိုးဆီသွားလည်တာပါလို့ ထွက်ဆိုပေမယ့် စစ်ဆေးကြည့်တဲ့အခါ အဲဒီနေရာမှာ သူတို့သွားမယ့်အိမ်တောင် မရှိတဲ့အတွက် မသင်္ကာစရာဖြစ်နေတယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးခံထားရတဲ့ ၃ ဦးကို တာနာ့မေရရဲစခန်းမှာထိန်းသိမ်းထားပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့အညီ ဆက်လက် အရေးယူဖို့ လုပ်ဆောင်နေပါတယ်။










