Border News Agency
ထိုင်း၊ဇွန် ၂၁။
ထိုင်းနိုင်ငံအတွင်းရှိလော့ပူရီ၊ မဲဆောက်နဲ့ ရနောင်းမြို့နယ်တို့မှာ ခုရက်ပိုင်းအတွင်း တရားမဝင် ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၄ ဦးကို ထိုင်းအာဏာပိုင်တွေက ဆက်တိုက် ဖမ်းဆီးခဲ့ပါတယ်။
အဲဒီလော့ပူရီခရိုင်အတွင်းသံသယဖြစ်ဖွယ် ပစ်ကပ်ကားတစီးကို ဇွန်လ ၂၀ ရက်၊မနက်အစောပိုင်းကစစ်ဆေးရာမှ ကားပေါ်ပါလာတဲ့ အထောက်အထားမဲ့မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
သူတို့အားလုံးဟာ နခွန်စဝန်ခရိုင်မှ စရဘူရီခရိုင်သို့ တဦးကို ဘတ် ၁,၀၀၀ စီပေးကာ သွားရောက်ကြတာဖြစ်ပါတယ်။
အဲဒီတာ့ခ်ခရိုင်၊မဲဆောက်မြို့နယ်၊မယ်ကဆာကျေးရွာရှိ သောင်ရင်းမြစ်ကမ်းဘေးမှာဇွန်လ ၁၈ ရက် ညနေပိုင်းကလည်း ခိုးဝင်လာတဲ့ မြန်မာအမျိုးသား ၃ ဦးကို လုံခြုံရေးပူးပေါင်းအဖွဲ့က ထပ်မံဖမ်းဆီးခဲ့ပါတယ်။
အဲဒီအပြင် ရနောင်းခရိုင်နယ်စပ်ရေပြင်ပိုင်နက်အတွင်းမှာလည်း ဇွန်လ ၁၆ ရက်နဲ့ ၁၈ ရက်နေ့တွေက ရေလမ်းကြောင်းကနေ တရားမဝင် ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရေတပ်ရဲတပ်ဖွဲ့က ကင်းလှည့်ရင်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဖမ်းဆီးခံရသူ ၂၄ ဦးစလုံးကို သက်ဆိုင်ရာရဲစခန်းများနှင့် လူဝင်မှုကြီးကြပ်ရေးဌာနသို့လွှဲပြောင်းထားပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူကာ နေရပ်သို့ ပြန်နှင်ထုတ်ဖို့ လုပ်ဆောင်နေတယ်လို့သိရပါတယ်။


















