Border News Agency
ရန်ကုန်၊ ဇူလိုင် ၃၀။
ရန်ကုန်၊ မရမ်းကုန်းမြို့နယ်မှာ ငွေကျပ်သိန်းသုံးထောင်ရှစ်ရာတန်ဖိုးရှိ စိတ်ကြွဆေးပြားတသိန်းကိုးသောင်းနဲ့အတူ အမျိုးသားခုနှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဇူလိုင်လ ၂၉ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီမရမ်းကုန်းမြို့နယ်၊ အမှတ် ၃ ရပ်ကွက်အတွင်း ဇူလိုင်လ ၂၅ ရက်၊ မနက် ၁၁ နာရီမှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က မသင်္ကာတဲ့ IPSUM နဲ့ CALDINA မော်တော်ယာဉ်နှစ်စီးကို ရပ်တန့်စစ်ဆေးခဲ့တာပါ။
အဲဒီ IPSUM ယာဉ်ပေါ်ကနေ စိတ်ကြွဆေးပြား တသိန်းကိုးသောင်းနဲ့ လက်ကိုင်ဖုန်းကိုးလုံးကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေနဲ့အတူ ယာဉ်ပေါ်ပါလာသူကျော်မြင့်သန်း၊ အောင်ဝင်း၊ သိန်းရွှေ၊ ဘကျော်၊ ဇော်အောင်၊ သက်ဇင် (ခ) အောင်အောင်နဲ့ မောင်အေးလှိုင် တို့ကို ဘုရင့်နောင်နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးဥပဒေနဲ့အမှုဖွင့်ထားပါတယ်။
အဲဒီအပြင်ပါဝင်ပတ်သက်သူတွေကို အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်နေပါတယ်။






