Border News Agency
စစ်ကိုင်း၊ သြဂုတ် ၅။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးခြွင်းချက်မရှိ လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်အောင် ပြည်သူ့တော်လှန်ရေးအောင်မြင်တဲ့ထိ ဆက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က သြဂုတ်လ ၄ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နဲ့ဒေါ်အောင်ဆန်းစုကြည်တွေ့ခဲ့တာကိုကြိုဆိုပြီး မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင် သက်ရှိထင်ရှားရှိနေသေးတာကိုသိရလို့ ပြည်သူတွေအတွက် အတိုင်းအတာတခုထိ စိတ်အေးရတယ်လို့ဆိုပါတယ်။
ဒါပေမယ့်တွေ့ဆုံခွင့်ရတာဟာ စစ်အုပ်စုရဲ့စေတနာကြောင့်မဟုတ်ဘဲ နိုင်ငံတကာရဲ့ ဖိအားတွေနဲ့အတူ မြန်မာပြည်သူတွေ၊ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေ မဆုတ်မနစ်တောင်းဆိုခဲ့ကြလို့ ရရှိလာတဲ့ရလဒ်ဖြစ်တယ်လို့ NUG ကဆိုပါတယ်။
အဲဒီလိုတွေ့ဆုံနိုင်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ ထိန်းသိမ်းခံထားရတဲ့ အခြေအနေတွေအပေါ် စိုးရိမ်မှုတွေ လျော့ပါးမသွားဘဲ တကြိမ်တည်းသောတွေ့ဆုံမှုနဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးကို အစားထိုးလို့မရနိုင်ဘူးလို့လည်းဆိုပါတယ်။
အဲဒီအပြင်စစ်အုပ်စုတရားဝင်မှုရဖို့၊ ကျူးလွန်ထားတဲ့ပြစ်မှုတွေကို ဖုံးကွယ်ဖို့နဲ့ စစ်မှန်တဲ့နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာရမယ့်ကိစ္စတွေကို အစားထိုးလှည့်စားဖို့အတွက် လုံးဝအသုံးချခွင့်မပြုသင့်ဘူးလို့လည်းဆိုပါတယ်။
နိုင်ငံတကာအသိုင်းအဝန်းကိုကျေးဇူးတင်ရှိပြီး စစ်မှန်တဲ့ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာတဲ့ထိ မဟာမိတ်တော်လှန်ရေး အင်အားစုတွေနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရဆက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။






