Border News Agency
အိန္ဒယ၊ဩဂုတ် ၁၄။
အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မြေအောက်လိုဏ်ခေါင်းတခု တည်ဆောက်နေချိန်မြေပြိုမှုဖြစ်ပွားခဲ့ရာ လိုဏ်ခေါင်းအတွင်းရေနဲ့ အပျက်အစီးတွေစီးဝင်သွားခဲ့တာကြောင့် အလုပ်သမားခုနှစ်ဦးသေဆုံးပြီး ဆယ့်သုံးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီမတော်တဆမှုဟာ ဩဂုတ်လ ၁၃ ရက်၊ ညပိုင်းက ဟိမဝန္တာတောင်တန်းဒေသဖြစ်တဲ့ ဥတ္တရာခန်းပြည်နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲဒီနေရာမှာအလုပ်သမားတွေဟာ နိုင်ငံပိုင်ရေအားလျှပ်စစ်စီမံကိန်းတခုအတွက် လိုဏ်ခေါင်းတည်ဆောက်နေကြတာပါ။
လိုဏ်ခေါင်းအတွင်းမြေပြိုကျမှုကြောင့် အလုပ်သမားသုံးဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေမှုတွေဆက်လက်ဆောင်ရွက်နေကြပါတယ်။
အဲဒီအပြင် Tehri Hydro DevelopmentCorporation စီမံကိန်းနေရာကနေ အလုပ်သမားဆယ့်ကိုးဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။
ဟိမဝန္တာတောင်တန်းဒေသမှာတည်ဆောက်နေတဲ့ အဲဒီရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းခွင်အတွင်း အခြားထိခိုက်ဆုံးရှုံးမှုအခြေအနေတွေကိုလည်းသက်ဆိုင်ရာအာဏာပိုင်တွေက ဆက်လက်စစ်ဆေးနေပါတယ်။






