Border News Agency
ဆွစ်ဇာလန်၊ မေ ၆။
ကဆုန်လပြည့်နေ့အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့ပြီး ပြစ်ဒဏ်တစိတ်တပိုင်းလျှော့ချလိုက်တယ်ဆိုတဲ့အပေါ် သူမအပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာဆွစ်ဇာလန်သံရုံးက မေလ ၆ ရက်၊ ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးတာထက် နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့အတွက် နောက်ထပ်လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားဖို့ကိုလည်းတိုက်တွန်းထားပါတယ်။
အဲဒီအပြင်အရပ်သားတွေကို ပစ်မှတ်ထားနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဒရုန်းတိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အကူအညီလိုအပ်နေသူတွေဆီကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအပြည့်အဝပေးနိုင်ဖို့ ဘေးကင်းပြီးအတားအဆီးမရှိတဲ့ လမ်းကြောင်းတွေကို ခွင့်ပြုပေးဖို့လည်း ထည့်သွင်းတောင်းဆိုထားပါတယ်။
ဒီလိုအကြမ်းဖက်မှုတွေရပ်တန့်ပြီး အကူအညီတွေပေးအပ်နိုင်မှသာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအနာဂတ်အတွက် အဓိပ္ပာယ်ရှိတဲ့ အားလုံးပါဝင်နိုင်မယ့် တွေ့ဆုံဆွေးနွေးရေးအခင်းအကျင်းကို ဖန်တီးနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။






