Border News Agency
လယ်ဒို၊ နိုဝင်ဘာ ၂၆။
ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ နိုဝင်ဘာလ ၂၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလယ်ဒိုမြို့နယ်၊ သဲဖြူရွာသစ်ကို နိုဝင်ဘာလ ၂၁ရက်နေ့က စစ်ကော်မရှင်တပ်ရဲ့ ခမရ ၃၀၇တပ်မှ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဒရုန်းဗုံးပေါက်ကွဲလို့ ဦးဖိုးထွေးရဲ့အိမ်တလုံးနဲ့ ဒေါ်ခင်သန်းမြင့်ရဲ့ခြံဝင်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ဟာနတ်သံကွင်းမှနေပြီး ဒရုန်းနဲ့အင်းထဲမှာ ငါးရှာစားနေတဲ့နေရာကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက်သုံးဆယ်အရွယ် နိုညာသူရွာသားစောလယ်ဒိုထူးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်မရှင်တပ်ဟာ အပြစ်မဲ့အရပ်သားပြည်သူလူထုတွေ လုပ်ကိုင်စားသောက်သွားလာတဲ့နေရာနဲ့ စစ်ဘေးရှောင်နေရာတွေကိုပါမကျန် လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူတွေစိုးရိမ်ကြောက်ရွံ့စိတ်တွေနဲ့ လုပ်ကိုင်စားသောက်သွားလာနေကြရတယ်လို့ဆိုပါတယ်။










