Border News Agency
မင်းပြား၊ မေ ၁၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်မှာ မေလ ၁၂ ရက်၊ညနေပိုင်းကဘောလုံးပွဲကြည့်ပြီးအပြန် လူငယ်တွေစီးလာတဲ့ ဘုတ်တစီးတိမ်းမှောက်ခဲ့တာကြောင့် ၈ နှစ်အရွယ်ကလေးတဦးအပါအဝင် အမျိုးသား ၉ ဦး ရေနစ်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ သေဆုံးသွားသူတွေဟာ မင်းပြားမြို့နယ် အောင်တိုင်ကျေးရွာက ၆ ဦး၊မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာက ၂ ဦးနဲ့ မြေပုံမြို့ မူဆလင်ဒုက္ခသည်စခန်းက ၁ ဦးတို့ ဖြစ်ကြပါတယ်။
အဲဒီအပြင်သေဆုံးသူတွေထဲမှာ အသက် ၈ နှစ်အရွယ် ကလေးငယ်ကနေ အသက် ၅၀ အရွယ်အထိ ပါဝင်နေတာ ဖြစ်ပါတယ်။
အဲဒီ အောင်တိုင်ရွာက လူငယ် ၁၀၀ ကျော်ဟာ ဘုတ် ၂ စီးနဲ့ မြောက်ဦးမြို့နယ်၊သျှမ်းတောင်ရွာမှာ ဘောလုံးသွားကစားပြီးအပြန်၊ မင်းပြားမြို့နယ် ရွှေတမာရွာနဲ့ အောင်တိုင်ရွာကြား လေးမြို့မြစ်အတွင်းအရောက်မှာ ဘုတ်တစ်စီး နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနစ်မြုပ်သွားတဲ့ဘုတ်ပေါ်မှာ လူပေါင်း ၅၀ ခန့်လိုက်ပါလာတာဖြစ်ပြီး ၉ ဦးမှာ ရေထဲမျောပါ ပျောက်ဆုံးသွားခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။
ကျန်တဲ့သူတွေကတော့ အသက်ဘေးကနေ လွတ်မြောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီဘုတ်မှောက်ပြီးနောက် အာရက္ခပြည်သူ့အစိုးရတာဝန်ရှိသူတွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး လေးမြို့မြစ်တလျှောက် ရှာဖွေခဲ့ကြရာမှာ မေလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတော့ သေဆုံးနေတဲ့ ရုပ်အလောင်း ၉ လောင်းစလုံးကို ပြန်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အခုလိုမိုးရာသီကာလမှာ မြစ်ချောင်းတွေအတွင်း ရေကြီးရေလျှံမှုတွေ ခဏခဏဖြစ်တတ်တာကြောင့် သွားလာနေထိုင်ရာမှာ အထူးသတိထားကြဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြည်သူတွေကို တိုက်တွန်းနှိုးဆော်ထားပါတယ်။















