Border News Agency
မြောက်ဦး၊ မေ ၂၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ မြို့ပြနဲ့ကျေးရွာဖွံ့ဖြိုးရေးတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဖော်ဆောင်နေပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ရှေးဟောင်းယဥ်ကျေးမှုနယ်မြေ မြောက်ဦးမြို့အနီးမှာ နယ်မြေသာယာရေးနဲ့ ဖွံ့ဖြိုးရေးအတွက်ဆိုပြီး အဝေးပြေးလမ်းမကြီးချဲ့ထွင်ရေးကို အထူးဦးစားပေးလုပ်ကိုင်နေတာပါ။
အဲဒီစီမံကိန်းနေရာမြေတဧကကို ကျပ်သိန်းရှစ်ဆယ်နဲ့ဝယ်ယူဖို့ မြေပိုင်ရှင်တွေနဲ့ညှိနှိုင်းခဲ့ပါတယ်။
သူတို့ဟာ ပြည်သူတွေနဲ့အကြိမ်ကြိမ်တွေ့ပြီး မြေသိမ်းဥပဒေအကြောင်းရှင်းပြကာ စီမံကိန်းတွေကို ဆက်လုပ်နေတာပါ။
အဲဒီစီမံကိန်းအဆင်ပြေဖို့အတွက် တဧကကိုသိန်းရှစ်ဆယ်နဲ့ လယ်မြေရောင်းပေးထားတဲ့မြေပိုင်ရှင်တွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ရောင်းဖို့သဘောမတူသေးသူတွေကို ပြီးခဲ့တဲ့မေလ ၁၆ ရက်နေ့ကစပြီး တဦးချင်းစီအလိုက် အထွေထွေနို့တစာပေးပို့ထားတယ်လို့ ဆိုပါတယ်။
အဲဒီနို့တစ်စာမှာ ၁၈၉၄ ခုနှစ် ကိုလိုနီလက်ထက်ကတည်းက ပြဋ္ဌာန်းထားတဲ့ မြေသိမ်းအက်ဥပဒေ ပုဒ်မ ၉(၁) အရ လယ်မြေတွေကို သိမ်းယူသွားမှာဖြစ်ပြီး လျော်ကြေးအဖြစ် တဧကကို ကာလပေါက်ဈေး ကျပ်သိန်းရှစ်ဆယ်ပေးသွားမယ်လို့ ပါရှိပါတယ်။
အဲဒီမြေသိမ်းဥပဒေအရ အထူးနို့တစာရရှိထားသူတွေဟာ မေလ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ လျော်ကြေးငွေတောင်းခံနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီမြေသိမ်းဥပဒေအတိုင်းလုပ်နေချိန်မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ လယ်သမားတွေကိုခေါ်တွေ့ပြီး မြေပိုင်ရှင်တွေရှေ့မှာ လယ်မြေကွက်တွေကို အတူတကွတိုင်းတာထားပြီးလို့ ဆိုပါတယ်။













