Border News Agency
လေးတောင်၊ ဇွန် ၆။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ကို အာဏာသိမ်းစစ်တပ်ရဲ့ ရေတပ်သင်္ဘောတွေက လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
အဲဒီလေးတောင်မြို့ကို ဇွန်လ ၅ ရက်၊ ညနေပိုင်းမှာ အာဏာသိမ်းစစ်တပ်မှ အသေခံဒရုန်းနဲ့တိုက်ခိုက်ပြီးတဲ့နောက် ရေတပ်သင်္ဘောတွေက လက်နက်ကြီးတွေနဲ့ထပ်မံပစ်ခတ်ခဲ့တာကြောင့် ရေနံလုပ်သားလူငယ်တဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေကဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာမှ လေးတောင်ကို ရေနံလုပ်ငန်းလာရောက်လုပ်ကိုင်နေသူ အသက်ဆယ့်ကိုးနှစ်အရွယ် မောင်ကြည်အေးသေဆုံးသွားခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လေးတောင်မြို့၊ အမှတ် ၂ ရပ်ကွက်ရှိ တောလယ်ရပ်နားရေနံထွက်တဲ့ တောတန်းတဝိုက်ကို ညနေ ၅ နာရီဝန်းကျင်မှာ အသေခံဒရုန်းနဲ့ လေးကြိမ်ထိတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ဆန်တက်မော်တံတားဝနဲ့ ဇင်ချောင်းဘောင်လန်တောင်ကြားရှိ အာဏာသိမ်းစစ်တပ်နေဗီမှလည်း ညနေ ၅ နာရီ ၃၃ မိနစ်အချိန်ခန့်က လက်နက်ကြီးနဲ့ ၇ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ရေနံတွင်းအလုပ်လုပ်နေတဲ့ ရေနံလုပ်သားမောင်ကြည်အေးမှာ ဘယ်ဘက်ရင်အုံနှလုံးတည့်တည့်ကို ဒရုန်းစထိမှန်ဝင်သွားပြီး ဆေးကုသမှုခံယူဖို့ယူဆောင်ရာ လမ်းတဝက်မှာသေဆုံးသွားတယ်လို့ ဆိုပါတယ်။
အဲဒီရမ်းဗြဲမြို့နယ်အတွင်းရှိ ကြောင်းချစစ်ဘေးရှောင်စခန်းနဲ့ လေးတောင်မြို့နယ်၊ စပါးတုံရွာကို ဇွန်လ ၁ ရက်နဲ့ ၄ ရက်နေ့ကလည်း စစ်တပ်မှလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရကာ နွား ၂ ကောင်လည်း သေဆုံးခဲ့ပါသေးတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေယာဥ်အုပ်စုလိုက်လာရောက်လေကြောင်းတိုက်ခိုက်တာတွေပိုမိုလုပ်နေတာမို့အရပ်သားပြည်သူတွေလည်း သေဆုံးဒဏ်ရာရနေကြပါတယ်။
အာဏာသိမ်းစစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေ ပိုလုပ်လာတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့လည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။










