Border News Agency
ပဲခူး၊ဇွန် ၇။
ပဲခူးဒေသ၊ဆွာမြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ ဗိုလ်မှူးတဦးအပါအဝင် အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်၂၀ ကျော်သေဆုံးသွားတယ်လို့ နေပြည်တော်-ပကဖမှ ဇွန်လ ၆ ရက်၊မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီ စစ်တောင်းမြစ်အရှေ့ဘက်ရှိ ဆွာရွာမကျေးရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စခန်းကို ဇွန်လ ၃ ရက်၊မနက် ၅ နာရီ ၁၀ မိနစ်မှာစတင်တိုက်ခိုက်ခဲ့သလို ရွာသစ်ကျေးရွာစခန်းကို မနက် ၆ နာရီခွဲအချိန်မှာ PDF တပ်ရင်းတွေနဲ့ နေပြည်တော် ပကဖ တို့ပူးပေါင်းပြီးဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်တပ်စခန်းနှစ်ခုကိုတိုက်ခိုက်ခဲ့ရာ ဆွာမကြီးစခန်းကိုသိမ်းပိုက်နိုင်ခဲ့သလို တင့်ကားတပ်ရင်း တကရ-၆၀၁၇မှ ဗိုလ်မှူး ကျော်လင်းအောင်အပါအဝင် အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ပြီး လက်နက် ၁၄ လက်နဲ့ ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နတ်မောက်မြို့နယ်အရှေ့ခြမ်း၊ ကွင်းကြီးကျေးရွာအနီးမှာ ဇွန်လ ၄ ရက်၊ ည ၈ နာရီအချိန်ခန့်က စိုင်ကောင်းရဲစခန်းမှူးလိုက်ပါလာတဲ့ယာဉ်တန်းကို PDF ပူးပေါင်းတပ်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စခန်းမှူးအပါအဝင် အရာရှိအချို့ ပြင်းထန်ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးတာတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသလို အရပ်သားတွေကို စစ်တပ်က စာသင်ကျောင်း၊ ဘုန်းကြီးကျောင်တွေမှာပိတ်လှောင်ပြီး လူသားဒိုင်းပြုလုပ်ကာ ဥစ္စာပစ္စည်းတွေကို ခိုးယူတာတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။
အဲဒီ ရေတာရှည်နဲ့ ဆွာမြို့နယ်ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေတဲ့အတွက် PDF ၊ ပကဖ နဲ့ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။














