Border News Agency
မင်းပြား၊ ဇွန် ၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်မှာ မိုးကြိုးပစ်ခံရလို့အရပ်သား၂ ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အဲဒီမင်းပြားမြို့နယ်၊မင်းဖူးရွာမှ ဦးကျော်နိုင်သိန်းရဲ့ သား အသက်ဆယ့်ရှစ်နှစ်အရွယ် ကိုအေးကိုနိုင်နဲ့ ချောင်းတိုရွာမှဦးနီထွန်းရဲ့ သား အသက်လေးဆယ့်လေးနှစ်အရွယ် ဦးမောင်ကျော်ထွန်းသေဆုံးသွားခဲ့တာပါ။
အဲဒီသေဆုံးသွားသူ ကိုအေးကိုနိုင်ဟာ ဇွန်လ ၅ ရက်၊ ညဇာ ၅ နာရီအချိန်ခန့်က ကိုယ့်အိမ်ခြံထဲမှာရေချိုးနေချိန် မိုးကြိုးပစ်ခံရလို့သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် ဦးမောင်ကျော်ထွန်းဟာလည်း ကိုယ့်ရွာမှသာစည်ရွာကိုအလုပ်ကိစ္စနဲ့သွားတဲ့အချိန် သာစည်ရွာထဲကမန်းကျည်းပင်ကြီးတပင်အောက်ကိုအရောက်မှာမိုးကြိုးပစ်ခံလိုက်ရပြီး နေရာမှာတင်သေဆုံးသွားခဲ့တာပါ။
အာရက္ခဒေသမှာ ခုလိုနွေအကုန် မိုးအကူး မိုးဦးကာလတွေမှာ နေ့စဥ်အချိန်ကျမိုးတွေရွာသွန်းတက်တာကြောင့် အပူနဲ့အအေးထိပြီးတော့ မိုးကြိုးပစ်ခတ်တာမို့နှစ်စဥ်ဒေသခံတွေနဲ့ ကျွဲ၊ နွားတိရစ္ဆာန်တွေပါ သေဆုံးနေကြရတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
အဲဒါကြောင့် အာရက္ခပြည်သူတွေမိုးကြိုးအန္တရာယ်ကို အထူးသတိထား သွားလာနေထိုင်ကြဖို့ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တိုက်တွန်းထားပါတယ်။










