Border News Agency
မလေးရှား၊ ဩဂုတ် ၂၁။
မလေးရှားနိုင်ငံ၊ထရန်ဂါးနူးနဲ့ ဂျိုဟိုးပြည်နယ်တွေမှာ အာဏာပိုင်တွေကရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာဆယ့်ခုနှစ်ဦးအပါအဝင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ကိုးဆယ်သုံးဦးဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီထရန်ဂါးနူးပြည်နယ်အတွင်းရှိ အလုပ်သမားတန်းလျားတွေ၊ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးခြံတွေအပါအဝင် နေရာဆယ့်တခုကို သြဂုတ်လ ၁၆ ရက်နေ့ကဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင်မြန်မာဆယ်ဦးအပါအဝင်ခုနှစ်ဆယ်ရှစ်ဦးကို စိစစ်ဖမ်းဆီးနိုင်ခဲ့တာပါ။
အဲဒီအပြင် ဩဂုတ်လ ၁၈ ရက်နေ့မှာလည်း ဂျိုဟိုးပြည်နယ်၊ပန်ဂရမ်းဧရိယာရှိ ဆံပင်ညှပ်ဆိုင်၊ကားရေဆေးဆိုင်နဲ့ စားသောက်ဆိုင်တွေကို အာဏာပိုင်တွေကပူးပေါင်းစစ်ဆေးခဲ့ရာ တရားမဝင်မြန်မာခုနှစ်ဦးအပါအဝင် စုစုပေါင်းခုနှစ်ဆယ်ရှစ်ဦးကိုထပ်မံဖမ်းဆီးခဲ့ပါတယ်။
အဲဒီလိုဖမ်းဆီးခံရတာကတော့ သူတို့မှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိတာ၊သတ်မှတ်ရက်ထက် ပိုမိုနေထိုင်တာနဲ့ ဗီဇာစည်းကမ်းတွေကိုချိုးဖောက်နေတာကြောင့် မလေးရှားလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေတွေနဲ့ အရေးယူခံရတာဖြစ်ပါတယ်။
အဲဒီထရန်ဂါးနူးက ဖမ်းဆီးခံရသူတွေကို အာဂျေးလ်ထိန်းသိမ်းရေးစခန်းနဲ့ ဂျိုဟိုးကဖမ်းဆီးခံရသူတွေကို စတီယာ ထရိုပီကာထိန်းသိမ်းရေးစခန်းတွေဆီပို့ဆောင်ထားပြီး တရားဥပဒေအတိုင်းအရေးယူထားပါတယ်။

















