Border News Agency
မလေးရှား၊ ဩဂုတ် ၂၄။
မလေးရှားနိုင်ငံ၊ပကန်နာနတ်လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၂၀ ဦးအပါအဝင် ပြစ်ဒဏ်စေ့နိုင်ငံခြားသား ၂၅၅ ဦးကို မိခင်နိုင်ငံအသီးသီးသို့ သြဂုတ်လ တတိယအပတ်ကပြန်ပို့ပေးခဲ့ပါတယ်။
အဲဒီနေရပ်ပြန်ပို့ခံရသူတွေကို ဩဂုတ်လ တတိယပတ်အတွင်း ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ပါဆီဂူဒန်ဆိပ်ကမ်းတို့မှတဆင့် ပို့ခဲ့တာဖြစ်ပြီး အင်ဒိုနီးရှား ၁၇၈ ဦး၊ ဘင်္ဂလားဒေ့ရှ် ၂၈ ဦး၊ မြန်မာ ၂၀ ဦးနဲ့ အခြားနိုင်ငံသားတွေပါဝင်ပါတယ်။
သူတို့ဟာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ မူးယစ်ဆေးဝါးဥပဒေနဲ့ ရာဇသတ်ကြီးဥပဒေနဲ့ ပြစ်ဒဏ်ကျခံပြီးစီးသူတွေဖြစ်ကြပြီး မလေးရှားအာဏာပိုင်တွေကအမည်ပျက်စာရင်းသွင်းကာ သတ်မှတ်ကာလအတွင်း ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။
နေရပ်ပြန်ပို့ရေးအတွက် လေယာဉ်လက်မှတ်နဲ့ စရိတ်စကတွေကို အချုပ်သားတွေရဲ့ကိုယ်ပိုင်ငွေ၊ မိသားစုတွေရဲ့ထောက်ပံ့ငွေနဲ့ သက်ဆိုင်ရာသံရုံးတွေရဲ့ကူညီမှုနဲ့ ကျခံခဲ့ကြတာပါ။
နေရပ်ပြန်ပို့ဖို့ကိစ္စရပ်တွေအတွက် ဘယ်ဝန်ဆောင်ခမှပေးဆောင်ဖို့မလိုဘဲ စခန်းကောင်တာမှာ ကိုယ်တိုင် ဆောင်ရွက်နိုင်ကြောင်းနဲ့ အသေးစိတ်ကိုမှတ်တမ်းနဲ့ လွှဲပြောင်းရေးယူနစ်ဖုန်း ၀၇-၆၉၉၃၅၄၀ သို့ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

















