Border News Agency
အယုဒ္ဓယ၊ စက်တင်ဘာ ၁၁။
ထိုင်းနိုင်ငံ၊အယုဒ္ဓယမြို့မှာရှိတဲ့ ဝတ်ဖုထိုင်းစဝမ် ဘုရားကျောင်းရဲ့ ကျောင်းထိုင်ဘုန်းကြီးဟောင်းနဲ့ သူရဲ့အပေါင်းပါအမျိုးသမီးဆီမှ ဘတ် ၂၁၅ သန်းခန့်တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေကို ထိုင်းရဲတပ်ဖွဲ့ကသိမ်းဆည်းလိုက်ပါတယ်။
နှစ်လကြာစုံစမ်းစစ်ဆေးမှုတွေအရ ဘုရားကျောင်းကိုလှူဒါန်းထားတဲ့ အလှူငွေဘတ် ၈၉ သန်းနဲ့ အမှတ်တရ ပစ္စည်းတွေရောင်းရငွေ ဘတ်နှစ်သန်းခွဲကျော်ဟာ ဘုရားကျောင်းဘဏ်စာရင်းထဲ မဝင်ဘဲ ဘုန်းကြီးဟောင်းနဲ့ အပေါင်းပါထံလွှဲပြောင်းခဲ့တာပါ။
သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေထဲမှာ ဘုန်းကြီးဟောင်းရဲ့ သင်္ကန်းကျောင်းအတွင်းက ငွေသားဘတ် ၁၃၈ သန်းကျော်နဲ့ ဘတ် သန်း ၇၀ တန်ဖိုးရှိ ရွှေထည်တွေပါဝင်နေပါတယ်။
အဲဒီအပြင် အသက် ၄၇ နှစ်အရွယ် အပေါင်းပါအမျိုးသမီးရဲ့ နေအိမ်ကနေလည်း ငွေသားဘတ်သုံးသန်းခွဲကျော်၊ ရွှေထည် အမြောက်အမြားနဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဘုန်းကြီးဟောင်းကိုအလွဲသုံးစားမှု၊ ငွေကြေးခဝတ်ဖြူလျှော်မှုတို့နဲ့ အရေးယူထားပြီး အပေါင်းပါအမျိုးသမီးကိုလည်း ပူးပေါင်းပါဝင်မှုနဲ့တရားစွဲဆိုထားကာ ရဲတပ်ဖွဲ့ကအာမခံပေးဖို့ငြင်းဆိုထားပါတယ်။




















