Border News Agency
မြောက်ဦး၊ သြဂုတ် ၂၆။
မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို သြဂုတ်လ ၂၅ ရက်၊ည ၁၁ နာရီ၊ ၂၅ မိနစ်အချိန်ကစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားဆယ့်နှစ်ဦးသေဆုံးပြီး နှစ်ဆယ်ဦးဒဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အလှူလုပ်ဖို့ ပြင်ဆင်နေကြတဲ့မိသားစုဝင်တွေနဲ့ အဲဒီအနီးအနားပတ်ဝန်းကျင်ကို လေကြောင်းမှဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်တာတွေကြောင့် ကလေးငယ်ငါးဦးအပါအဝင် အရပ်သားပြည်သူ ဆယ့်နှစ်ဦးသေဆုံးခဲ့ရပြီး နှစ်ဆယ်ဦးဒဏ်ရာရသွားသလို လူနေအိမ်ရှစ်လုံးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ညအချိန်လူအများ အိပ်မောကျနေတာကိုအခွင့်ကောင်းယူပြီး ခုလိုမျိုးအပြစ်မဲ့အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုများပြားလာစေဖို့ရွယ်ရည်ပြီးတော့ တမင်တကာရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
နိုင်ငံတစ်ဝှမ်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်ဘက်နဲ့မသက်ဆိုင်တဲ့ စာသင်ကျောင်းတွေ၊ဆေးရုံဆေးခန်းတွေ၊ဈေးတွေ၊ဘာသာရေးအဆောက်အုံတွေ၊ လမ်းတံတားတွေ၊စစ်ဘေးရှောင်စခန်းတွေနဲ့လူနေထူထပ်တဲ့ မြို့၊ရွာ၊ ရပ်ကွက်နေရာတွေ၊ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
အဲဒီလိုလူစိတ်ကင်းမဲ့တဲ့တိုက်ခိုက်မှုမျိုးကို အာရက္ခဒေသအတွင်းသာမကနိုင်ငံအနှံ့အပြားမှာ နေ့စဉ်ရက်ဆက်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်နေတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတဲ့ မိဘပြည်သူလူထုတွေရဲ့မိသားစု၊ဆွေမျိုးတွေနဲ့ ထပ်တူဝမ်းနည်းရတယ်လို့လည်းဆိုပါတယ်။
အပြစ်မဲ့အရပ်သား အာရက္ခပြည်သူတွေကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုတွေကို နိုင်ငံအနှံ့နေ့စဉ်ရက်ဆက်ကျူးလွန်နေတဲ့ စစ်ကော်မရှင်ရဲ့စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတဲ့ လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချပြီး ခုလိုလုပ်ရပ်တွေကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေကို ပို့ပေးသွားမယ်လို့ဆိုပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်အနေနဲ့လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်ပြီးလုပ်ဆောင်သွားမှာဖြစ်သလို စစ်ကော်မရှင်ရဲ့ခုလိုတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲ ထိခိုက်၊ သေဆုံးမှုတွေရှိရင်လည်း ထပ်ပြီးတင်ပြသွားမယ်လို့ဆိုပါတယ်။

