Border News Agency
မင်းပြား၊ စက်တင်ဘာ ၂၃။
အာရက္ခအဆုံးအဖြတ်စစ်ပွဲအတွင်း အာရက္ခတပ်တော်(AA)ဟာ သူတို့ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းနဲ့စစ်သုံ့ပန်းမိသားစုဝင်တထောင်ကျော်ကို ပြန်လွတ်ပေးခဲ့ပါတယ်။
အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် အာရက္ခဒေသကမြို့နယ် ဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး အဲဒီတိုက်ပွဲတွေအတွင်းက ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံးပန်းနဲ့စစ်သုံ့ပန်းမိသားစုဝင် တထောင်ကျော်ကို ပြန်လွတ်ပေးပြီးဖြစ်ပါတယ်။
သံတွဲ၊ ဂွ မြို့သိမ်းတိုက်ပွဲမှ လက်နက်ချအညံ့ခံထားတဲ့ စစ်သုံ့ပန်းခုနှစ်ဆယ်ကို စက်တင်ဘာလ ၂၂ ရက်၊ မနေ့က အာရက္ခတပ်တော်က ခံဝန်ကတိလက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
သူတို့တွေကို အိမ်ပြန်လမ်းစရိတ်နဲ့ အခြေခံစရိတ် တဦးကိုငွေဆယ်သိန်းစီထောက်ပံ့ပေးခဲ့ပြီး မိသားစုတွေဆီပြန်ပြီးအပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတောင်ကုတ်မြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးရမိသူတွေထဲမှ စစ်သုံးပန်းနဲ့စစ်သုံးပန်းမိသားစုဝင် တရာလေးဆယ်လေးဦးကို ဩဂုတ်လ ၉ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲဒီအပြင် မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသူတွေထဲမှ စစ်သုံးပန်းနဲ့စစ်သုံးပန်းမိသားစုဝင် လေးရာနီးပါးကို ပြီးခဲ့တဲ့ မေလ ၁၆ ရက်နဲ့ ဧပြီလ ၁၃ ရက်နေ့မှာ အာရက္ခတပ်တော်မှ အခမ်းအနားကျင်းပပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
နောက်ပြီးဘူးသီးတောင်မြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးရမိခဲ့သူတွေထဲက စစ်သုံးပန်းနဲ့စစ်သုံးပန်းမိသားစုဝင် သုံးရာ့တဆယ့်လေးဦးကို မြို့သိမ်းတိုက်ပွဲတနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့မေလ ၁၈ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
မောင်တောတိုက်ပွဲအတွင်းမှာ လက်နက်ချအလင်းဝင်ခဲ့တဲ့ စစ်ကော်မရှင်တပ်သား သုံးဆယ်နှစ်ဦးကိုလည်း မေလ ၁၉ ရက်နေ့က ခံဝန်ကတိလက်မှတ်ထိုးပြီး တဦးကိုငွေသုံးသိန်းကျပ်စီ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေထဲက အာရက္ခတပ်တော် ကင်းလွှတ်ခွင့်ပေးထားတဲ့ စစ်သုံ့ပန်းနဲ့စစ်သုံ့ပန်းမိသားစုဝင်စုစုပေါင်း တထောင့်နှစ်ရာ့ခြောက်ဆယ်ခြောက်ဦးထိ ရှိနေတယ်လို့ ပြီးခဲ့တဲ့ဧပြီလအတွင်းက အာရက္ခတပ်တော်ကထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို စစ်သုံ့ပန်းဥပဒေအရလွှတ်ပေးတာဟာ အရေးကြီးတဲ့လုပ်ရပ်တခုဖြစ်ပြီးအမျိုးသမီးတွေနဲ့ကလေးငယ်တွေကို လုံလုံခြုံခြုံအိမ်ပြန်ပို့တာ၊ အခြေခံစရိတ်ထောက်ပံ့တာကတွေဟာ လူသားချင်းစာနာမှုကို လေးစားလိုက်နာတာလို့ ပြည်သူတွေကဆိုကြပါတယ်။
အာရက္ခဒေသမှာ စစ်ကော်မရှင်တပ်က စစ်သုံ့ပန်းမိသားစုဝင်တွေ ထားတဲ့နေရာကို ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က လေကြောင်းတိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်းမိသားစုဝင်နှစ်ဆယ့်ရှစ်ဦး သေဆုံးခဲ့ပြီးနှစ်ဆယ့်ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီအပြင်ပေါက်တောနဲ့ မောင်တောမြို့နယ်မှာလည်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက အာရက္ခတပ်တော်ရဲ့အကျဉ်းစခန်းတွေကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်လို့ စစ်သုံ့ပန်းငါးဆယ်ခုနှစ်ဦးနဲ့အရပ်သားဆယ်ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရသွားခဲ့ပါတယ်။
အာရက္ခဒေသမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်လို့ စစ်သုံ့ပန်းတွေနဲ့စစ်သုံ့ပန်းမိသားစုဝင်တရာကျော် သေဆုံးခဲ့ပြီး တရာ့နှစ်ဆယ်ကျော်ဒဏ်ရာရသွားခဲ့ပါတယ်။






