Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၅။
လာမယ့်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေးကာလကို ရက်ပေါင်းခြောက်ဆယ်သတ်မှတ်တယ်လို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၅ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆွယ်စည်းရုံးခွင့်ကာလကို အောက်တိုဘာလ ၂၈ ရက်မနက် ၆ နာရီမှ ဒီဇင်ဘာလ ၂၆ ရက်ည ၁၂ နာရီထိ ရက်ပေါင်းခြောက်ဆယ် ခွင့်ပြုတယ်လို့ ဆိုပါတယ်။
အဲဒီအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေဟာ လွတ်လပ်တရားမျှတပြီး အေးချမ်းတည်ငြိမ်တဲ့ ရွေးကောက်ပွဲတွေဖြစ်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောတာ၊ မဲဆွယ်စည်းရုံးတာတွေကို သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
လာမယ့်အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ၊ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၂၃ ဦး အမည်စာရင်းတင်သွင်းထားပါတယ်။
ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အားလုံးရှိ လွှတ်တော်သုံးရပ်စလုံးကို ဝင်ရောက်ယှဥ်ပြိုင်ဖို့ပြင်ဆင်နေတာပါ။
ရခိုင်မှာ ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP) အပါအဝင် ရခိုင်အခြေစိုက်ပါတီခြောက်ခုထိ မှတ်ပုံတင်ထားကြပါတယ်။
စစ်ကော်မရှင်လက်အောက်ခံ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ(RS NUP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ(MNDP) အပါအဝင် ရခိုင်အမျိုးသားပါတီ(AN P)ရဲ့ ကျောက်ဖြူအမတ်ဟောင်း ဦးဘရှိန်ဦးဆောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ(RNP)ကို စစ်ကော်မရှင်က ပါတီ
တည်ထောင်ခွင့် ပြုထားပါတယ်။
စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် သုံးမြို့နယ်စလုံးမှာ လာမယ့်ရွေးကောက်ပွဲအတွက် မဲပုံးထောင်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။






