Border News Agency
ဒါကာ၊ နိုဝင်ဘာ ၁၉။
နှင်းရထား၏အမြီးပိုင်း (Tail Section Of Snowspiercer)
အာရက္ခဒေသတခုလုံးကိုကြည့်လျှင် ရခိုင်လူမှုအသိုင်းအဝန်းမှာပြဿနာဖိုခလောက်ဆိုင်၍ မီးမွှေးခံထားရသည်က များစွာကြာခဲ့ပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရိုဟင်ဂျာလူမှုအသိုင်းအဝန်းအပေါ် လူ့အဖွဲ့အစည်း၏အနှိမ့်ဆုံး၊ အညစ်အကြေး၊ အမိုက်သရိုက်များကဲ့သို့ဆက်ဆံခံခဲ့ရသည်။ လက်ရှိ ရခိုင်လူမှုအသိုင်းအဝန်းတခုလုံးကို ခြုံကြည့်ပါက နှင်းရထား၏အမြီးပိုင်း(Tail Section Of Snowspiercer)နှင့်သာတူပေသည်။
Snowspiercer ဇာတ်ကားတွင် ကမ္ဘာကြီးရေခဲခေတ်ကို ပြန်ရောက်ကာ လူသားသက်ရှိမျိုးစိတ်များအသက်ဆက်ရှင်ရန်အတွက် ရထားတစီးပေါ်တွင် နေထိုင်နေရသည်။ ရထား၏လူမလှိုင်များ အာဏာရှိသူများအတွက် အထူးခန်းတွဲများ၊ လူလတ်တန်းစားအခန်းတွဲများ၊ အလုပ်သမားအခန်းတွဲများစသဖြင့်ရှိနေကြသည်။
ရထား၏နောက်ဆုံးအခန်းတွဲ (Tail Section)ကားစုတ်ပြတ်သတ်လျှက်၊ ရာဇဝတ်မှုများ၊ အပြစ်ပေးအရေးယူမှုများ၊ လျင်သူစားစတမ်း၊ ကြီးနိုင်ငယ်ညှင်းတောကြီးဥပဒေသများကြီးစိုးလျှက်ရှိသည်။
ထိုနောက်ဆုံးအခန်းတွဲမှသူများသည် အခြားအတွဲများကို လုံးဝသွားရောက်ခွင့်လည်းမရှိပေ။
ဖယ်ထုတ်ခံရခြင်း (Marginalization)
- နောက်ဆုံးအခန်းတွဲမှသူများသည် အနှိမ်ဆုံးလူ့ဘဝတွင်နေထိုင်ရပြီး အခွင့်အရေးရှိသောရထားရှေ့ပိုင်းတွဲများမှ လူဟုပင်မထင်။
ခွဲခြားဆက်ဆံခံရခြင်း (Discrimination)
- နောက်ဆုံးခန်းတွဲမှသူများကို ၎င်းတို့ဖြစ်တည်မှုအရအနှိမ့်ဆုံးဟုသတ်မှတ်ထားသည်။
အရင်းအမြစ်များပိတ်ပင်ခံရခြင်း (Lack of Resources)
- နောက်ဆုံးခန်းတွဲတွင် လူဖြစ်လာပါက နေထိုင်စရာ၊စားစရာ၊ ရေ၊ မီးစသည့် ရုပ်ဝတ္ထုပစ္စည်းများမှာလည်း မလုံလောက်၊ အစိုးရယန္တရားများတွင် ပါဝင်ခွင့် ဆိုသည်မှာလည်း နတ္ထိ။
လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကန့်သတ်ခံရခြင်း(Locked Movement)
နောက်ဆုံးခန်းမှသူများအတွက် ရှေ့ဘက်အခန်းများကို ယောင်လို့မှခြေဦးလှည့်ခွင့်မရှိ။ ၎င်းတို့ကား ရထားတွဲတွင် ကပ်ခိုလိုက်ပါလာသူ ကပ်ပါးကောင်များသာဖြစ်သည်။
ယခင်အချိန်ကာလတလျှောက် ရိုဟင်ဂျာလူမှုအသိုင်းအဝန်းတောက်လျှောက်ခံစားလာခဲ့ကြရသည်မှာ ရထား၏ နောက်ဆုံးခန်းတွဲသကဲ့သို့ပင်ဖြစ်သည်။
အာရက္ခဒေသတွင် အခြားလူမျိုးစုများ အနေဖြင့် အဆိုပါဖယ်ထုတ်ခံရခြင်း၊ခွဲ ခြားဆက်ဆံခံရခြင်း၊အရင်းအမြစ်များပိတ်ပင်ခံရခြင်း၊လွတ်လပ်စွာလှုပ်ရှားခွင့်ကန့်သတ်ခံရခြင်းများကို စာနာနားလ ည်နိုင်လျှင်လည်း စာနာနိုင်တန်ကောင်းတော့၏။
ဘေးကင်းလုံခြုံမှုဆိုင်ရာစိန်ခေါ်ချက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်အသိုင်းအဝန်းတွင်လည်းကောင်း၊အာရက္ခဒေသရှိ ရခိုင်နှင့်အခြားလူမှုအသိုင်းအဝန်းများတွင်လည်းကောင်း ယခုအချိန်တွင် လုံခြုံမှုဆိုင်ရာကပ်ဘေးသည်ရှိနေသည်။
ဘင်္ဂလားဒေ့ရှ်အခြမ်းရှိ ဒုက္ခသည်များရင်ဆိုင်နေရသည့်အခင်းအကျင်းနှင့် ရခိုင်လူမှုအသိုင်းအဝိုင်းရင်ဆိုင်နေရသောအခင်းအကျင်းများထဲတွင် သက်ဆိုင်ရာအာဏာရှိသူများ၏ကန့်သတ်ဖိနှိပ်မှု၊လူမှုစီးပွားကျပ်တည်းမှု၊ စစ်သားအဖြစ်စုဆောင်းခံရမှုစသည့်အချက်များကို ရင်ဆိုင်နေရပုံက တူကြသည်။
လူ့အခွင့်အရေးအပေါ် အလေးအနက်ထားသောလုံခြုံရေးဆိုင်ရာမူဝါဒဆိုသည်မှာကား အဆိုပါလူမှုအသိုင်းအဝန်းနှစ်ခုစလုံးအတွက် အလွန်အမင်းလိုအပ်နေသလောက်ဖြစ်လာရန်မှာလည်း ဝေးလွန်းနေသည့်အနေအထားမျိုးသာဖြစ်နေသည်။
ယခုအချိန်ထိ လူမှုအသိုင်းအဝန်းနှစ်ခုစလုံးမှာ တဦးရင်ဆိုင်နေရသော ပြဿနာအပေါ်တဦးက လျစ်လျူရှူထားကြဆဲဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းရှိ သာမန်လူထုရင်ဆိုင်နေရသောအခက်အခဲများအပေါ် ရခိုင်လူမှုအသိုက်အဝန်းကလည်း အသံထွက်ပေးမှုမရှိပေ။
ထို့အတူ အာရက္ခဒေသရှိအခက်အခဲများအပေါ် ရိုဟင်ဂျာများလည်းအသံမထွက်ပေ။ အပြန်အလှန်နှုတ်ဆိတ်နေကြလျှက်၊ ဝေးကွာနေကြလျှက်မီးရထား၏အမြီးပိုင်းတွင် သီးခြားစီလိုက်ပါနေကြဆဲပင်။
စနစ်တကျနှိပ်ကွပ်မှု (Systematic Oppression)
နှင်းရထား(Snowspiercer)တွင် ရထား၏အမြီးတွဲခန်းနှိမ့်ကျစုတ်ပြတ်သတ်နေခြင်းက ထိုရထားအားဆက်လက်မောင်းနှင်ရန်အတွက် လိုအပ်ချက်တခု အဖြစ်ပုံဖော်ထားသည်။ ရထားကြီးဆက်လက်မောင်းနှင်လည်ပတ်နိုင်ရန်အတွက် ရထား၏အမြီးတွဲပိုင်းသည်ယင်း သို့အမိုက်သရိုက်သဖွယ်ဖြစ်နေရမည်။
ထိုရထားစနစ်အရအမြီးတွဲခန်းရှိက လေးသူငယ်များသည် မကြာခဏဖမ်း ဆီးခေါ်ဆောင်သွားခြင်းခံရသည်။ ရထား၏လူဦးရေးထိန်းချုပ်ရေးမူဝါဒအောက်တွင် ထိုသို့စတေးခံရခြင်းဖြစ်သည်။
လက်တွေ့ ရခိုင့်လူမှုအသိုက်အဝန်းနှင့် ရိုဟင်ဂျာလူမှုအသိုက်အဝန်းနှစ်ခုစလုံးတွင် အတင်းအကြပ်စစ်မှုထမ်းခိုင်းသော စနစ်သက်ရောက်နေခြင်းမျိုးနှင့် တူပါသည်။
အာဏာရှိသူများ၊လုပ်ပိုင်ခွင့်ရှိသူများက အတင်းအကြပ်စစ်မှုထမ်းခိုင်းခြင်း (ငြင်းဆန်ခွင့်မရှိသောအစီအစဉ်မျိုး ) မှာ လိုအပ်ချက်ဟု ရှူမြင်ထားသကဲ့သို့ရထား၏အမြီးခန်းတွဲမှာလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။အာဏာရှိသူများ၏အကြောက်တရားနှင့်ဖိနှိပ်မှုဖြင့်သာ ပုံသွင်းထားသည်။
ပိတ်ထားသောစနစ် (A Closed Ecosystem)
ရထား၏မူဝါဒချမှတ်သူ ဝီလ်ဖို့ဒ် (Wilf ord)က နှင်းရထား၏အမှီသဟဲပြုရှင်သန်လည်ပတ်ပုံစနစ်အား ဇာတ်ဆောင်ကာတစ်အား (Curtis) ရှင်းပြရာတွင် “ရထားသည် လူများပြည့်သိပ်နေသောအရာမဟုတ်ဘဲ ပိတ်ထားသော စနစ်” တခုဖြစ်သည်ဟု ဝန်ခံထားသည်။အမြီးခန်းတွဲ၏အခြေအနေအပေါ် အမြတ်ထုတ် ထားသော အခင်းအကျင်းကို ပေါ်လွင်စေခဲ့သည်။
ထိုသို့ပင် ပိတ်ထားသောစနစ်လည်ပ တ်နေစေရန် ရခိုင်လူမှုအသိုက်အဝန်းနှင့် ရိုဟင်ဂျာလူမှုအသိုက်အဝန်းနှစ်ခုမသင့်မြတ်မှုနှင့်ထိုလူမှုအသိုက်အဝန်းနှစ်ခုစလုံးတွင် ခါးသီးသော ဖိနှိပ်မှုများရှိနေရန်မှာ အကျိုးစီးပွားအရ လိုအပ်ချက်ဖြစ်သည်ဟူသော စနစ်၏ ပယောဂကိုလည်း ထည့်သွင်းစဉ်းစားသင့်သေးသည်။
ထိုစနစ်ကို တွန်းလှန်ရန်မှာကား ရခိုင်နှင့် ရိုဟင်ဂျာလူမှု့အသိုင်းအဝန်းနှစ်ခုစလုံးတွင် တာဝန်ရှိသည်။
လက်ရှိ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းရှိ လူထုတွင်ရော၊အာရက္ခဒေသရှိလူထုတွင်ပါ မိမိနစ်နာမှုများကို အသံမထွက်နိုင်ကြပေ။ မည်သို့ပင် ဇာတ်ဆောင်များကွဲပြားနေစေကာမူ ရင်ဆိုင်နေရသော အခင်းအကျင်းမှာ အခြေခံအားဖြင့် ”လူ့ အခွင့်အရေးကိုအလေးထားသည့် လုံ ခြုံရေးအခြေအနေပျက်ယွင်းနေခြင်း” သာဖြစ်သည်။ အသံထွက်ရန်ခက်ခဲသောလူထု၏ အကျပ်အတည်းအပေါ် အခြားတဖက်လူထုက အသံထွက်ပေးရန်လိုသည်။
လူထု၏အကျပ်အတည်းအပေါ် တဖက်မှနိုင်ငံရေးအာသာအရထိုးနှက်ခြင်း၊ အမြတ်ထုတ်ခြင်းကရလဒ်မှာအကောင်းတော့မထွက်နိုင်တော့ပေ။
လူမှုအသိုင်းအဝန်းနှစ်ခုကြား ကိုယ်စီကိုယ်စီရင်ဆိုင်နေရသော အခက်အခဲများအပေါ် အပြန်အလှန်အသိအမှတ်စပြုခြင်းကသာ ဆိုးကျော့သံသရာမှ လွတ်ရန်အစပြုလာနိုင်မည်ဖြစ်သည်။






