Border News Agency
ကော့ကရိတ်၊ ဇန်နဝါရီ ၁၁။
ကေအဲန်ယူ-ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိနေရာလေးခုမှာ ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတရပ်ကို ဇန်နဝါရီလ ၉ ရက်နေ့က တပြိုင်နက်တည်းပြုလုပ်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုကို တခရိုင်လုံးအတိုင်းအတာနဲ့ (Zero Hour)သတ်မှတ်ကာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူစုစုပေါင်း နှစ်ထောင့်ခြောက်ရာငါးဆယ်ဦး တက်ကြွစွာ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အဲဒီဆန္ဒပြပွဲမှာ လူထုခေါင်းဆောင်တွေကရွေးကောက်ပွဲဆိုင်ရာကန့်ကွက်ဟောပြောတာ၊ လက်ကမ်းစာစောင်တွေဝေငှတာနဲ့ ပိုစတာတွေကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒမပါဝင်တဲ့ အတုအယောင်သာဖြစ်ပြီး နိုင်ငံတကာမှလည်း အသိအမှတ်ပြုမှာမဟုတ်တာကြောင့် “သမိုင်းတရားခံမဖြစ်ဖို့အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်စို့”ဆိုပြီး ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။
အဲဒီအပြင် စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒကို အလိုမရှိကြောင်း လူမျိုးပေါင်းစုံစည်းလုံးညီညွတ်မှုနဲ့ ကော်သူးလေအစိုးရ တည်ဆောက်ရေးတွေကို ဦးတည်ကာငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ဆိုပါတယ်။



























