Border News Agency
ရန်ကုန်၊ ဖေဖော်ဝါရီ ၅။
စစ်မှုထမ်းဖို့ လူအင်အားမပြည့်မီတဲ့အတွက် ကျောက်ကပ်ဝေဒနာရှင်တွေအပါအဝင် ကျန်းမာရေးမကောင်းတဲ့လူငယ်တွေကိုပါ စစ်ကော်မရှင်တပ်က ဆရာဝန်တွေကိုလာဘ်ထိုးကာ အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် (AA) ဆီအလင်းဝင်လာတဲ့ တပ်သားနိုင်ခန့်ကျော်ရဲ့ ပြောပြချက်အရ သူဟာကျောက်ကပ်မှာကျောက်တည်နေတာမို့ ခွဲစိတ်ကုသထားရသူဖြစ်ပြီး လိုအပ်တဲ့ဆေးလက်မှတ်တွေ အပြည့်အစုံရှိပေမယ့်လည်း စစ်ကော်မရှင်ကအတင်းအဓမ္မ စစ်ထဲသွင်းခဲ့တယ်လို့ ဆိုပါတယ်။
”ကျွန်တော့်ကို ဆေးစစ်တဲ့အချိန်မှာ ကျောက်ကပ်ခွဲထားရတဲ့ ဆေးလက်မှတ်တွေအကုန်ပြပေမယ့် ဆေးစစ်တဲ့လူက ဆေးမအောင်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အရာရှိတွေကဆရာဝန်တွေနဲ့ လာဘ်ပေးလာဘ်ယူလုပ်ပြီး ကျွန်တော့်ကို အတင်းဆေးအောင်တယ်ဆိုပြီး လက်မှတ်ထုတ်ပေးခဲ့တာပါ။” လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ လစဉ်ပေးပို့ရမယ့် စစ်မှုထမ်းအင်အားမပြည့်မီတာမို့ ကျန်းမာရေးချို့တဲ့သူတွေကိုပါ မဖြစ်မနေ ထည့်သွင်းနေတာဖြစ်ပြီး သင်တန်းကာလအတွင်း နေမကောင်းဖြစ်တာတောင် “လိမ်နေတယ်” ဆိုပြီး ဆေးကုသခွင့်မပေးဘဲ အတင်းအဓမ္မလေ့ကျင့်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
သူစစ်မှုထမ်းအပတ်စဉ် ၁၆ မှာ လူပေါင်း ၆၀၀ ကျော်ရှိပြီး အဲဒီအထဲမှာ ၉၀ ရာခိုင်နှုန်းခန့်ဟာ အတင်းအဓမ္မစုဆောင်းခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီတပ်သားနိုင်ခန့်ကျော်ဟာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ဆောက်ကျေးရွာကဖြစ်ပြီး စစ်ကော်မရှင်ဆီ အတင်းအဓမ္မစစ်မှုထမ်းခိုင်းခံခဲ့ရသူ ဖြစ်ပါတယ်။
သူဟာ ကျောက်ကပ်ဝေဒနာခံစားနေရသူတဦးဖြစ်ပြီး မအီဆေးရုံကနေ ရန်ကုန်ကိုဆေးလာကုရင်း လမ်းမှာစစ်ကော်မရှင်တပ်ဖမ်းဆီးတာခံလိုက်ရတာလို့ ဆိုပါတယ်။






