Border News Agency
မကွေး၊ ဖေဖော်ဝါရီ ၁၅။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အခြေစိုက် အမှတ် ၃၇၁ အမြောက်တပ်ရင်းမှ စစ်ကော်မရှင်တပ်ဖွဲ့ တဦးလက်နက်တလက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဂန့်ဂေါတောင်ပိုင်းတိုက်နယ် ပကဖအဖွဲ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီတပ်သားဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းကတည်းက အလင်းဝင်ရောက်ခဲ့တာဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ခုမှသာသတင်းထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
အလင်းဝင်ရောက်လာတဲ့တပ်သားဟာ လက်နက်တလက်ယူလာခဲ့တာဖြစ်ပြီးသူ့ကို ဂန့်ဂေါတောင်ပိုင်းတိုက်နယ် ပကဖအဖွဲ့က ထိုက်တန်တဲ့ ဆုကြေးငွေတွေပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတပ်သားဟာ စစ်ကော်မရှင်တပ်ရဲ့ယန္တရားမှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့တာမို့ တော်လှန်ရေးအဖွဲ့အစည်းထံ ဆက်သွယ်ခိုလှုံလာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီအပြင် ဂန့်ဂေါတောင်ပိုင်းတိုက်နယ် ပကဖက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်လာနိုင်ဖို့ ကူညီဆောင်ရွက်ပေးတဲ့ အရပ်သားပြည်သူတွေကိုလည်း ဆုငွေတွေပေးအပ်ချီးမြှင့်သွားမယ်လို့ အသိပေးနှိုးဆော်ထားပါတယ်။
အဲဒီလင်းဝင်လာတဲ့ တပ်သားကိုလုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့လည်း ဆိုပါတယ်။






