Border News Agency
ထိုင်း၊ ဖေဖော်ဝါရီ ၂၂။
ထိုင်းနိုင်ငံ၊ လွေးခရိုင်၊ ပါ့ချွန်းမြို့နယ်အတွင်းမှာ ဖေဖော်ဝါရီ ၂၂ ရက်၊ ဒီနေ့မနက်က အိုက်စ် (Ice) မူးယစ်ဆေးဝါးတွေလက်ဝယ်ထားရှိတဲ့အမျိုးသားတဦးကို အထူးအဖွဲ့စုံက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
နယ်မြေခံခြေလျင်တပ်ရင်း၊ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဟွေပိချိုင်ကျေးရွာရှိ ပစ်မှတ်ထားတဲ့ နေအိမ်တလုံးကို ဝင်ရောက်ရှာဖွေခဲ့တာပါ။
အဲဒီအိမ်ရဲ့ တဲအိမ်လေးထဲမှာရှိနေတဲ့ ကူနာကွန်ဆိုသူကိုစစ်ဆေးရာမှာ သူလွယ်ထားတဲ့ အညိုရောင်လွယ်အိတ်ထဲကနေ အိုက်စ် မူးယစ်ဆေးဝါး ၁၂ ထုပ်ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီအမျိုးသားက ဒီမူးယစ်ဆေးတွေဟာ သူ့ပစ္စည်းဖြစ်ကြောင်းဝန်ခံထားလို့ ရဲတပ်ဖွဲ့က သူ့ကို မူးယစ်ဆေးဝါးတွေနဲ့အတူသိမ်းဆည်းပြီး ဥပဒေအရ အရေးယူနိုင်ဖို့ ပါ့ချွန်းမြို့နယ် ရဲစခန်းကိုပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။









