Border News Agency
မင်းပြား၊ မတ် ၂၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်မှာ မတ်လ ၂၀ ရက်၊ ဒီနေ့နေ့လည်က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသမီးတဦး ခြေချောင်းပြတ်ထွက်သွားတယ်လို့ သိရပါတယ်။
အဲဒီ မင်းပြားမြို့နယ်၊ ဂြမ်းမရွာက အသက် ၃၃ နှစ်အရွယ် ဒေါ်အေးခိုင်ဦးမှာ ခြေချောင်းနှစ်ချောင်းပြတ်ထွက်သွားတာပါ။
သူဟာ တခြားအမျိုးသမီးသုံးဦးနဲ့အတူ ထင်းခွေဖို့သွားရင်း မင်းပြားမြို့၊ ကျိန်းတောင်ပေါ်ကရင်ကွဲဇရပ်အနီးမှာ စစ်ကော်မရှင်တပ် ထောင်ထားတဲ့ မိုင်းကို နင်းမိခဲ့တာဖြစ်ပါတယ်။
အဲဒီမိုင်းပေါက်ကွဲလို့ ဒေါ်အေးခိုင်ဦးရဲ့ ညာဘက်ခြေထောက်ကခြေချောင်း ၂ ချောင်း ပြတ်ထွက်သွားခဲ့ပြီး လက်ရှိမှာတော့ ဆေးကုသမှု ခံယူနေရပါတယ်။
အဲဒီနေရာဟာအရင်က စစ်ကော်မရှင်တပ်အခြေစိုက်စခန်းချခဲ့တဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
အဲဒီ သံတွဲမြို့နယ်၊မောင်ရွှီလေးရွာမှ မော်ရုံရွာမှာ မတ်လ ၁၈ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးခြေထောက်တဖက်ပြတ်ထွက်သွားခဲ့ပါသေးတယ်။
အာရက္ခတပ်တော်ဟာ သူတို့ ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။





