Border News Agency
မြောက်ဦး၊ မတ် ၂၄။
ပေမီဒေါက်မီစံနှုန်းဖြင့်ကိုက်ညီသော လက်နက်ကိုင်တပ်ဖွဲ့တခု၏အခြေခံကျင့်ဝတ်မှာ-“လူသားဂုဏ်သိက္ခာနှင့် လူသားတန်ဖိုးကိုလေးစားမှုဖြင့် လက်နက်ကိုင်ခြင်းဖြစ်သည်”။
ပြည်သူလူထုသည် လက်နက်ကိုင်အဖွဲ့အစည်း၏အာဏာမူလပိုင်ရှင်ဖြစ်ပြီး ဘေးအန္တရာယ်ကင်းသောလူ့အဖွဲ့အစည်းဖြစ်စေရန် လက်နက်ကိုင်အဖွဲ့အစည်းကို ပြည်သူလူထုမှ တာဝန်ပေး၊နေရာပေးထားခြင်းဖြစ်သည်။
လက်နက်ကိုင်တပ်ဖွဲ့ဟူသည် လူ့အဖွဲ့အစည်းအားဘေးအန္တရာယ်မှကင်းဝေးစေရန်တာဝန်ပေးခံထားရသော၊ တာဝန်ယူထားရသောပြည်သူလူထု၏အခိုင်း အစေဖြစ်သည်။
ဤအချက်က လက်နက်ကိုင်တပ်ဖွဲ့တိုင်းတွင် အမြဲကိန်းဝပ်နေရမည့်ဝတ္တရားဖြစ်သည်။
သို့သော် ထိုကျင့်ဝတ်၊ဝတ္တရားစသည့် အခြေခံအတွေးအခေါ်မျိုးလက်နက် ကိုင်တပ်ဖွဲ့များထံတွင် ကင်းကွာလာတတ်သည်။မည်သို့ပင်ဆိုနေစေကာမူ “ငါတို့ တိုက်ရသည်။ငါတို့စွန့်လွတ်ရသည်။ငါတို့ပေးဆပ်ရသည်။သို့ဖြစ်၍ ငါတို့သည် မြင့်မြတ်သည်။ငါတို့သည် ဦးစားပေးခံထိုက်သည်။”ဟူသောခံစားချက်မျိုးရှိလာတတ်သည်။
လူ့မှုအသိုင်းအဝန်းတခု၏ စစ်ဘက်၊ အရပ်ဘက်အပြန်အလှန်ပဋိညာဉ်ပြုမှုတွင် စစ်ဘက်လက်နက်ကိုင်အဖွဲ့အစည်းဘက်မှပြည်သူလူထုထက် တမူးအပိုရှူချင်လာသောဖြစ်စဉ်များ မဖြစ်ပေါ်လာအောင် အရံအတားများထည့်သွင်းထားရသည်။
ထိုအရံအတားများဟူသည် အဘယ်နည်း။
လက်နက်ကိုင်ထားသူများတွင် စိတ်ပိုင်းဆိုင်ရာအခြေခံတခုရှိသည်။
ထိုအခြေခံစိတ်မှာ အမိန့်အခွင့်အာဏာကိုအရသာခံတတ်သောစိတ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လက်နက်ကိုင်ထားသူများတွင် ၎င်းတို့၌အင်အားရှိသည်ဟု အလိုလိုခံစားမိကြ၍ဖြစ်သ ည်။
-တယောက်ထက်ပိုသောစုဖွဲ့မှု။
-ထိုအစုအဖွဲ့၏ညီညွှတ်သောအသွင်အပြင်။
-ဂုဏ်ယူမာန်ဝင့်ထည်မှုနှင့်ဩဘာပေးခံရမှု။
-လူကိုသေစေလောက်သောလက်နက်(လူများကြောက်လန့်စေသောအရာ)ကို ကိုင်ဆောင်ထားရမှု။”စသည့်အချက်များကြောင့် ၎င်းတို့၏စိတ်ပိုင်းဆိုင်ရာတွင် အင်အားရှိသည်ဟုခံစားကြရသည်။
ဤသည်ကပင် လက်နက်ကိုင်တပ်ဖွဲ့၏ မူရင်းစိတ်အခြေအနေဖြစ်သည်။
ထိုသို့မူရင်းစိတ်အခြေအနေဖြစ်စေသောအချက်များကိုကြည့်ပါက အောက်ပါဆန်းစစ်မှုများထွက်လာသည်။
-မည်သူက တယောက်ထက်ပိုသောစုဖွဲ့ပိုင်ခွင့်ကိုပေးထားပါသနည်း။
-မည်သူက အစုအဖွဲ့၏ညီညွှတ်သောအသွင်အပြင်ကိုဖြစ်စေရန် ချွေးနှဲစာဖြင့်ပံပိုးထားပါသနည်း။
-လက်နက်ကိုင်တပ်ဖွဲ့၏ဂုဏ်ယူမာန်ဝင့်ထည်မှုအပေါ် မည်သူကချီးမွမ်းဩဘာပေးပါသနည်း။
-မည်သူက လက်နက်ကိုင်တပ်ဖွဲ့အားလူ ကိုသေစေလောက်သောလက်နက်(လူများကြောက်လန့်စေသောအရာ)ကို ကိုင်ဆောင်ထားခွင့်ကိုပေးထားပါသနည်း ။
ပြည်သူလူထုကသာလျှင် ပေးထားခြင်းဖြစ်သည်။ ပြည်သူလူထုကသာလျှင် ၎င်းတို့၏စုဖွဲ့ပိုင်ခွင့်အာဏာကို လက်နက်ကိုင်တပ်ဖွဲ့အားပေးထားခြင်းဖြစ်သည်။ပြည်သူလူထုကသာလျှင် အစုအဖွဲ့၏ညီညွှတ်သောအသွင်အပြင်ကိုဖြစ်စေရန် ချွေးနှဲစာဖြင့်ပံပိုးထားခြင်းဖြစ်သည်။
လက်နက်ကိုင်တပ်ဖွဲ့၏ဂုဏ်ယူမာန်ဝင့်ထည်မှုအပေါ် ပြည်သူလူထုက ချီးမွမ်း ဩဘာပေးကြခြင်းဖြစ်သည်။
ပြည်သူလူထုကသာ လက်နက်ကိုင်တပ်ဖွဲ့အား လူကိုသေစေလောက်သောလက်နက်(လူများကြောက်လန့်စေသောအရာ)ကို ကိုင်ဆောင်ထားခွင့်ပေးထားခြင်းဖြစ်သည်။
ဤတွင်ကပေါက်တိကပေါက်ရှာ မေးခွန်းကိုထုတ်သူများရှိကြပါလိမ့်မည်။
ငါတို့အဖွဲ့သည်ကား ကိုယ့်ဖာသာကိုယ်ငွေရှာလျှက်ကိုယ်ခံယူချက်ဖြင့်မတရားမှုကို တိုက်နေသူများဖြစ်သည်ဟူသောအမြင်ဖြစ်သည်။
ဤတွင်(ကိုယ့်ဖာသာကိုယ် ငွေရှာလျှက်ကိုယ်ခံယူချက်ဖြင့်)ဟူသော စကားသ ည်ပင်လျှင် လက်နက်ကိုင်တပ်ဖွဲ့တခု၏ မူလစံတန်ဖိုးကို ဇာတ်ပျက်စေပြီဖြစ်သ ည်။ အဘယ်ကြောင့်ဆိုသော်(ကိုယ့်ဖာသာကိုယ်ငွေရှာလျှက်ကိုယ်ခံယူချက်ဖြင့်)ဟူသော စကားရပ်၏အဓိပ္ပါယ်မှာ မိမိတို့အားပြည်သူလူထုမှပံပိုးခြင်းမဟုတ်ဟုဆိုလိုခြင်းဖြစ်သောကြောင့်ဖြစ်သည်။
ထိုသို့အမြင်စွဲကပ်နေသော ပုဂ္ဂိုလ်များကိုမေးခွန်းပြန်ထုတ်လိုသည်မှာ-(ကိုယ့်ဖာသာကိုယ် ငွေရှာလျှက်ကိုယ်ခံယူချက်ဖြင့်ရပ်တည်သည်)ဟု ဆိုပါလျှင် အဘယ်ကြောင့် ပြည်သူလူထုထံမှ”ချီးမွ မ်းဩဘာကောင်းချီးပေးခြင်းကို” လိုချင်နေကြပါသနည်း။
အဘယ်ကြောင့် ပြည်သူလူထုအသိအမှတ်ပြုနေရာပေးခြင်းကို လိုချင်နေကြပါသနည်း။
ပြည်သူလူထု”ချီးမွမ်းဩဘာပြုမှု”ပြည်သူလူထု”အသိအမှတ်ပြုနေရာပေးမှု”ဆိုသည့် စကားလုံးတွင်ပင်”ပြည်သူလူထုထံမှ”ဆိုသည့် ပြည်သူလူထုပိုင် ဆိုင်သောအရာကို တောင်းခံနေခြင်းမဟုတ်ပေလော။
လက်နက်ကိုင်အဖွဲ့အစည်းအာဏာ၏ မူလပိုင်ရှင်သည်ပြည်သူလူထုသာဖြစ်သည်ဟူသောအချက်ကို(ကိုယ့်ဖာသာကိုယ်ငွေရှာလျှက် ကိုယ်ခံယူချက်ဖြင့်မတ ရားမှုကို တိုက်နေသူများဖြစ်သည်။)ဟူ သောအမြင်မျှဖြင့်ချေဖျက်၍ရမည်မဟုတ်ပေ။
သို့ဖြစ်၍ စစ်ဘက်၊ အရပ်ဘက်အပြန် အလှန်ပဋိညာဉ်ပြုမှုတွင် စစ်ဘက်လက်နက်ကိုင်အဖွဲ့အစည်းဘက်မှ ပြည်သူလူထုထက်တမူးအပိုရှူချင်လာသောဖြစ်စဉ်များမဖြစ်ပေါ်လာအောင်ထည့်သွင်းရသောအရံအတားထဲတွင်”Civilian Supremacy”(ပြည်သူလူထုသည်သာ အမြင့်ဆုံးအာဏာပိုင်ရှင်)ဟူသော သ ဘောတရားကို စတင်ထည့်သွင်းထားရသည်။
ထိုသဘောတရားအရ လက်နက်တပ်ဖွဲ့သည် ပြည်သူလူထုမှရွေးကောက်တင်မြောက်ထားသောအာဏာပိုင်(Civilian Authority)၏အမိန့်ကို နာခံရမည်ဟူ သောအမြင်ဖြစ်ထွန်းလာသည်။
“သေနတ်ကို ပြည်သူလူထုက ထိန်းချုပ်အမိန့်ပေးစေခိုင်းခြင်း”ဟူသော သဘောဖြစ်သည်။
ထိုသဘောတရားအား အရပ်ဘက်နှင့်စစ်ဘက်ပဋိညာဉ်ပြုယုံဆိုသည်မျှဖြင့် မလုံလောက်သေးချေ။ အဘယ်ကြောင့်ဆိုသော်ခေတ်သစ်ကမ္ဘာကြီး၏ လူ့ဘောင်တော်တော်များတွင် လက်နက်ကိုင်တပ်ဖွဲ့များသည်”ငါတို့တိုက်ရသည်။ ငါတို့စွန့်လွတ်ရသည်။ ငါတို့ပေးဆပ်ရသည်။ သို့ဖြစ်၍ငါတို့သည် မြင့်မြတ်သည်။ငါတို့သည် ဦးစားပေးခံထိုက်သည်။”ဟူသောခံစားချက်ရှေ့တန်းထွက်လာကာ”မြင့်မြတ်သော၊ ဦးစားပေးခံထိုက်သောငါတို့မှဤလူ့ဘောင်၏အာဏာတခုလုံးကိုသိမ်းသည်။”ဟူသော ဖြစ်စဉ်မျိုးပေါ်ပေါက်လာတတ်သည်။
သို့ဖြစ်၍ ထိုဖြစ်စဉ်မျိုးပေါ်ပေါက်မလာစေရန် အစီအမံများကို လူသားများသည် သမိုင်းဖြစ်စဉ်များ၊ အသက်ဘဝများရင်း၍ရှာဖွေလာရသည်။
လက်ရှိမျက်မှောက်အခြေအနေ၌ ကျင့်သုံးနေရသော စစ်ဘက်အရပ်ဘက်ပဋိညာဉ်ဖြစ်စဉ်များတွင် ယေဘူယျအချက်များရှိသည်။
ထိုအချက်များမှာ…
၁။လက်နက်ကိုင်အဖွဲ့နှင့်အုပ်ချုပ်ရေးအဖွဲ့ကိုရောထွေးမပစ်ဘဲ သီးခြားစီခွဲထုတ်ထားသည့်အာဏာခွဲဝေခြင်း (Dual Power Structure)သဘောကို ကျင့်သုံးကြသည်။
ဤသို့ကျင့်သုံးမှုသတ်မှတ်ချက်မှာ-စစ်ဘက်ဆိုင်ရာခေါင်းဆောင်များသည် အုပ်ချုပ်ရေး(ဥပမာ-အခွန်ကောက်ခြင်း၊တရားစီရင်ခြင်း၊မူဝါဒချမှတ်ခြင်း)ကိစ္စ များတွင် ဆုံးဖြတ်ပိုင်ခွင့်မရှိရပေ။
ထိုသို့အာဏာခွဲဝေကျင့်သုံးခြင်း၏ လုပ်ရိုးလုပ်စဉ်နည်းလမ်းများမှာ- လူထုကိုကိုယ်စားပြုသောအုပ်ချုပ်ရေးအဖွဲ့မှလို အပ်သောရန်ပုံငွေ၊ ရိက္ခာကိုစီမံခန့်ခွဲကာ လက်နက်ကိုင်အဖွဲ့ကို ပံ့ပိုးပေးရခြင်းဖြစ်သည်။
“ရိက္ခာပေးသောလက်အား ပြန်မကိုက်ရ”ဆိုသည့်သဘောတရားအတိုင်း စီးပွားရေးအာဏာကို လူထုကိုယ်စားပြုအုပ်ချုပ်ရေးမှဆုပ်ကိုင်ထားခြင်းဖြစ်သည်။
၂။လက်နက်ကိုင်တပ်ဖွဲ့၏တာဝန်ခံမှုအပေါ် စနစ်ယန္တယား(Chain of Accountability)ဖြင့်ဖော်ဆောင်ရာတွင် လက်နက်ကိုင်တပ်ဖွဲ့၏ထိပ်ပိုင်းခေါင်းဆောင်များကိုလူထုကိုယ်စားပြုသော အုပ်ချုပ်ရေးမှခန့်အပ်သည်။အတည်ပြုသည်။
ဤတွင် ခန့်အပ်ခြင်း၊အတည်ပြုခြင်းကို အုပ်ချုပ်ရေးအာဏာမှဆောင်ရွက်သကဲ့သို့အကယ်၍လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ပြည်သူလူထုအပေါ် အနိုင်ကျင့်မှုသို့မဟုတ်အမိန့်မနာခံမှုဖြစ်လာပါက စစ်ဆေးအရေးယူနိုင်သော”ပြည်သူ့ခုံရုံး”၊”စည်းကမ်းထိန်းသိမ်းရေးကော်မတီ”များစသည့်တရားစီရင်ရေးတွင်လည်း လူထုကိုယ်စားလှယ်များ ပါဝင်ရသည်။ချွင်းချက်အရ သတင်းပို့စရာမလိုသောစစ်ရေးလှုပ်ရှားမှုများမှ အပလက်နက်ကိုင်တပ်ဖွဲ့၏အထွေထွေကိစ္စများကို လူထုကိုယ်စားပြုသောအုပ်ချုပ်ရေးအဖွဲ့ထံပုံမှန်အစီရင်ခံတင်ပြပေးရသောအစဉ်အလာကို ထူထောင်ထားသည်။
၃။လက်နက်ကိုင်တပ်ဖွဲ့အပေါ် နိုင်ငံရေးအရအသိပညာပေးခြင်း(Political Education)မှာအရေးကြီးဆုံးအစိတ်အပိုင်းဖြစ်သည်။
တပ်ဖွဲ့ဝင်တဦးချင်းအား”မိမိတို့သည် လူထုကိုအုပ်ချုပ်ရန်မဟုတ်။လူထုကို ကာကွယ်ရန်ဖြစ်သည်။”ဆိုသောစိတ်ဓာ တ်ကို အမြဲရိုက်သွင်းပေးနေရသည်။ဥ ပမာ-မက္ကဆီကန်ရှိဇာပါတစ်စတာ(Zap atistas)များတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား သူတို့ကိုယ်သူတို့”အာဏာရှိသူ”ဟုမသတ်မှတ်ဘဲ”လူထု၏အစေ ခံ”ဟုသာသတ်မှတ်ရန် သင်တန်းများအမြဲပေးသည့်စနစ်ကို ကျင့်သုံးကြသ ည်။
လူထုကိုကိုယ်စားပြုသော အုပ်ချုပ်ရေးစနစ်၏ဆုံးဖြတ်ချက်မှာအမှားဖြစ်စေ။အမှန်ဖြစ်စေလက်နက်ကိုင်အဖွဲ့က လိုက်နာရမည်ဆိုသောပြည်သူလူထုသည်သာ အမြင့်ဆုံးအာဏာပိုင်(“Civilia n Supremacy”)အယူအဆကိုလက်နက်ကိုင်တပ်ဖွဲ့၏အစဉ်အလာတခုအဖြစ်ရိုက်သွင်းထားကြရသည်။
၄။ရပ်ရွာနှင့်တပ်ဖွဲ့ဝင်များကြားဆက်ဆံရေး(Integration)ကိုလည်း အမြဲတစေဂရုစိုက်နေရသည်။
တပ်ဖွဲ့ဝင်များကို ပြည်သူလူထုနှင့်အမြဲတစေ သီးခြားခွဲထားခြင်းသည်မကောင်းပေ။ရပ်ရွာလုပ်အားပေးလုပ်ငန်းများ၊ရပ်ရွာလူထု၏စိုက်ပျိုးရေးလုပ်ငန်းများတွင် တပ်ဖွဲ့ဝင်များအားအတူပါဝင်ဆောင်ရွက်ခိုင်းကြရသည်။
ဤသို့ ပြည်သူလူထု၏အရေးကိစ္စများကို ဆောင်ရွက်ခိုင်းခြင်းကတပ်ဖွဲ့ဝင်များအား သူတို့ကိုယ်သူတို့ လူထုနှင့်တသားတည်းအသွင်ခံစားရပြီး လူထုအပေါ် အမိန့်ပေးချင်လိုစိတ်ဖြင့်ဆက်ဆံခြင်း တနည်းစစ်ဘောင်သွင်းဝါဒ(Militarism)လျော့နည်းသွားစေသည်။
အရပ်ဘက်စစ်ဘက် ပဋိညာဉ်ပြုခြင်းသည်လည်း တမူထူးခြားနေသောဖြစ်စဉ်မဟုတ်ပေ။
ဤဖြစ်စဉ်မှာ နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်ထဲတွင် အကြုံးဝင်နေသောဖြစ်စဉ်သာဖြစ်သည်။
အကယ်၍တော်လှန်ရေးကာလတွင်ပင် State Building ကို တပြိုင်နက်တည်ဆောက်မည်ဟု ဟစ်ကြွေးနေပါကဤအချက်များကိုလည်းဂရုပြုမိရန်လိုသည်။
ဤစနစ်များကို တည်ဆောက်သောအခါ ကနဦးအစောပိုင်းတွင်အခက်အခဲရှိသည်။
ဤအခက်အခဲကား မည်သည့်လူ့အဖွဲ့အစည်းတွင်မဆိုရှိသည်။တည်ဆောက်နိုင်သောအဖွဲ့အစည်းနှင့်မတည်ဆောက်နိုင်သောအဖွဲ့အစည်းဟုသာ ကွာခြားသည်။
ထိုအခက်အခဲများတွင် အခြေခံကျသောအချက်တခုမှာ”လက်နက်ကိုင်ထားသူများက၎င်းတို့၌သာအင်အားရှိသည်။ကျန်လူငါတို့လောက်အင်အားမရှိ။”ဟု ခံစားချက်ကြောင့်ဖြစ်သည်။
ထိုခံစားချက်နှင့်”ငါတို့ တိုက်ရသည်။ငါတို့စွန့်လွတ်ရသည်။ငါတို့ပေးဆပ်ရသည်။သို့ဖြစ်၍ ငါတို့သည်မြင့်မြတ်သည်။ငါတို့သည် ဦးစားပေးခံထိုက်သည်။” အမြင်ရှိလာသောအခါ လူ့အဖွဲ့အစည်းလည်း ကျွမ်းထိုးမှောက်ခုံဖြစ်တော့သ ည်။
ဤပြဿနာ၏အဖြေမှာလည်း လူထုကိုယ်စားပြုသောအုပ်ချုပ်ရေးအဖွဲ့မှ (အုပ်ချုပ်ရေး၊တရားစီရင်ရေးနှင့်စီးပွားရေး)စသည့်အချက်များကို ဖွံ့ဖြိုးတိုးတက်မှုရှိရန် ကိုင်တွယ်နိုင်လာလေလက်နက်ကိုင်အဖွဲ့မှာ လူထုကိုပို၍အားကိုးလာရလေလေဟူသော နည်းလမ်းမှလွဲ၍အခြားမရှိပေ။










